Sunday, June 21, 2009

ဦးဝင်းတင်ပြောပြခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်အကြောင်း

‘ရဲ’  ‘ဇွဲ’  ‘ဉာဏ်’  ‘စည်း’  ‘တာ’ 
မကြောက်တရား တေးကဗျာ
မီးပုံထဲက ကြာ

ဒေါ်စုမွေးနေ့မှာ ဒေါ်စုအကြောင်း အထူးသဖြင့်ကတော့ ဒေါ်စုရဲ့အရည်အချင်း သို့မဟုတ်လည်း ဂုဏ်သတ္တိ သို့မဟုတ်လည်း စိတ်ဓာတ်ကို ကျွန်တော်ပြောချင်ပါတယ်။
ဒေါ်စုရဲ့နိုင်ငံရေးဆောင်ရွက်ချက်တွေဆိုတာကတော့ ကမ္ဘာသိ ဖြစ်နေတဲ့အတွက် ကျွန်တော် မပြောတော့ဘူး။ ဒေါ်စုရဲ့ စိတ်ဓာတ်အရည်အချင်းလေး ပြောချင်တယ်။ အဲဒီဟာက ဘာလည်းဆိုလို့ရှိရင် ဒေါ်စုရဲ့ စိတ်ဓာတ် အရည်အချင်းဟာ မကြောက်တရားဆိုတာ ဒါ အဓိကတခု ဖြစ်ပါတယ်။ ဒါ ထိပ်ဆုံး ကနေ ရှိတဲ့တရားပဲ။ ဒါ့အပြင်ကို သူ့မှာ ဇွဲသတ္တိတွေရှိတယ်၊ ဉာဏ်ပညာတွေ ကြီးတယ်၊ ရဲစွမ်းသတ္တိတွေ ရှိတယ်။ တာဝန် သိမှုတွေ ရှိတယ်။ စည်းကမ်းရှိမှုတွေရှိတယ် ဆိုတာဟာ ဒါ အလွန် အရေးကြီးတဲ့ သူရဲ့စိတ်ဓာတ်သတ္တိတွေပဲလို့ ကျွန်တော် သတ်မှတ်ပါတယ်။

အဲဒီအတွက်လည်း ဒါကြောင့်လည်း ဒီလို သတ္တိတွေ ဂုဏ်သတ္တိတွေ ကြီးမားခြင်းကြောင်းလည်း ကျွန် တော်တို့တွေဟာ နိုင်ငံရေးအရ သူ့ထက် ဝါရင့်တဲ့ပုဂ္ဂိုလ်တွေရော၊ ဝါနုတဲ့ပုဂ္ဂိုလ်တွေရော၊ အသက်ကြီးတဲ့ပုဂ္ဂိုလ်တွေရော၊ အသက်ငယ်တဲ့ပုဂ္ဂိုလ်တွေရော တိုင်းသူပြည်သားအားလုံး ရောက၊ နောက်တခါ ဒါ့အပြင်ကို ကမ္ဘာကပါ သူ့ကို ထောက်ခံ နေကြတာ၊ ဝိုင်းဝန်းနေကြတာ၊ ဝန်းရံနေကြတာ ဖြစ်တယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ အဲဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော် ဂျပန်ကဗျာနည်းပေါ့၊ ဟိုက္ကူကဗျာစပ်နည်းနဲ့ ဒေါ်စုရဲ့အရည်အချင်းတွေကို စပ်ထားတဲ့ ကဗျာလေးကို ကျွန်တော် ရွတ်ပြချင်ပါတယ်။ အဲဒါက ဘာလဲဆိုရင်

‘ရဲ’ ‘ဇွဲ’ ‘ဉာဏ်’ ‘စည်း’ ‘တာ’
မကြောက်တရား တေးကဗျာ
မီးပုံထဲက ကြာ

ဆိုပြီးတော့ ရေးထားပါတယ်။ အဲဒီကဗျာလေးက ဂျပန်ဟိုက္ကူကဗျာပုံစံနည်းနဲ့ ရေးထားတဲ့ကဗျာ ဖြစ်ပါတယ်။ အဲဒီထဲမှာ ရှေ့ဆုံးမှာပါတဲ့ ‘ရဲ’ ‘ဇွဲ’ ‘ဉာဏ်’ ‘စည်း’ ‘တာ’ဆိုတာက ‘ရဲ’ ရဲစွမ်းသတ္တိရှိခြင်း၊ အလွန်ရဲရင့်ခြင်း၊ နောက်ပြီးတော့ ‘ဇွဲ’ဆိုတာကတော့ ဇွဲသတ္တိကြီးမားခြင်း၊ ဒီနေ့အထိ မြန်မာပြည်အရေးကို နှစ်မြုပ်ပြီးတော့၊ ဘဝကို နှစ်မြုပ်ပြီးတော့၊ ဒီလောက် နှစ်ပေါင်း များစွာကြာအောင်၊ နှစ်ပေါင်း(၂၀)ကျော် ဟုတ်လား ကြာအောင် လုပ်နေတဲ့ ဇွဲသတ္တိ၊ နောက်တခါ ‘ဉာဏ်’ ဆိုတာကလည်း အလွန်ကြီးမားတဲ့ဉာဏ်ပညာ ရှိပါတယ်။ ဒါ ကျွန်တော်တို့ အားလုံးက အသိအမှတ်ပြုပါတယ်။ ကျွန်တော် စောစောက ပြောခဲ့သလိုပဲ နိုင်ငံရေးဝါရင့်တဲ့ပုဂ္ဂိုလ်ကရော၊ ဝါနုတဲ့ပုဂ္ဂိုလ်ကရော၊ အသက်ကြီးတဲ့ပုဂ္ဂိုလ်ကရော၊ အသက်ငယ်တဲ့ပုဂ္ဂိုလ်ကရော အားလုံးကနေပြီးတော့ ဒေါ်စုရဲ့ ဉာဏ်ပညာကြီးမားမှု၊ ဉာဏ်ပညာဆိုတဲ့နေရာမှာလည်း နိုင်ငံရေးဉာဏ်ပညာပေါ့ဗျာ၊ နိုင်ငံရေးဉာဏ်ပညာကြီးမားကြောင်းကို ပြောတာ ဖြစ်ပါတယ်။ ‘စည်း’ ဆိုတာက ဒေါ်စုဟာ စည်းကမ်းရှိပါတယ်။ စည်းကမ်းရှိတယ်ဆိုတာ ခုစစ်အစိုးရကတော့ စည်းကမ်းရှိတယ်ဆို တာကို ပြော"ပြော နေတာပေါ့။ စည်းကမ်းပြည့်ဝသောတို့ ဘာတို့။ သူတို့ စည်းကမ်းပြည့်ဝတဲ့ဆိုတာက လူတွေကို ဖိနှိပ်ဖို့၊ ချုပ်ချယ်ဖို့၊ ကန့်သတ်ဖို့အတွက် စည်းကမ်းကို သူတို့ ပြောနေတာ။ စည်းကမ်းဆိုတဲ့ စကားလုံးကို ယူပြီးတော့။ ဆိုလိုတာကတော့ သူတို့ရဲ့ သံဆူးကြိုး သို့မဟုတ်လည်း သူတို့ရဲ့လက်ထိပ်တွေကို သူတို့က စည်းကမ်းနဲ ထပ်တူပြောနေ တယ်။ ကျွန်တော်တို့က စည်းကမ်းလို့ မမြင်ဘူး၊ လက်ထိပ်လို့ မြင်တယ်။ ကျွန်တော်တို့က စည်းကမ်းလို့ မမြင်ဘူး၊ သံ ဆူးကြိုးလို့ မြင်တယ်။ အဲဒါ။ အဲဒီတော့ ဒေါ်စုက စည်းကမ်းဟာ၊ ကျွန်တော် နည်းနည်းလေး ဆက်ပြောလိုက်အုန်းမယ်။

ကျွန်တော်တို့ အရေး တော်ပုံကာလ ၁၉၈၈ မှာ ဒေါ်စုကို စင်တင်ပြီးတော့၊ ပထမဉီးဆုံး ပွဲဉီးထွက်ပေါ့ဗျာ။ ဟို နောက်ထပ် နှစ်ရက်ကြာမှာ ကျင်းပမယ့်၊ သြဂုတ်လ (၂၆)ရက်နေ့မှာ ကျင်းပမယ့် ဟိုဒင်းကို ပြောတာ မဟုတ်ဘူး။ ရွှေဂုံတိုင်ပွဲမဟုတ်သေးဘူး။ အဲဒီမတိုင်ခင်မှာ စာရေးဆရာ စာနယ်ဇင်းသမဂ္ဂရဲ့ စင်မြင့်ပေါ်မှာ ဒေါ်စု ပထမဆုံးအကြိမ် လူထုနဲ့ ထိတွေ့ပြီးတော့၊ မြန်မာပြည်မှာ ပထမဉီးဆုံးအကြိမ် လူထုနဲ့ထိတွေ့ပြီးတော့ စကားပြောတဲ့စကား။ အဲဒီစကားမှာ သူဘာပြောလည်း၊ တိုတိုလေးပဲ ပြောသွားတယ်။ “ဒီမိုကရေစီ လိုချင်ရင် စည်းကမ်းရှိကြပါ”ဆိုတဲ့စကားကို ပြောသွားတယ်။ အဲဒါကို ကျွန်တော်က ဒီ‘စည်း’ဆိုတဲ့ဟာကိုလည်း ထည့်ထားပါတယ်။ ဒေါ်စုဟာ စည်းကမ်းပြည့်ဝဖို့ စည်းကမ်းကြီးဖို့ စည်းကမ်း လိုက်နာဖို့ စည်းကမ်းကိုလေးစားဖို့ဆိုတာကို အလွန် တန်ဖိုးထားတယ်ဆိုတာ သူ့ရဲ့ဂုဏ် အရည်အချင်းတခု ဖြစ်ပါတယ် လို့ ပြောချင်ပါတယ်။ နောက်တခုကတော့ ‘တာ’ဆိုတာကတော့ တာဝန်သိဖို့။ တာဝန်သိဖို့ကို စည်းကမ်းရှိပြီးတော့၊ ခုဒီစစ်အစိုးရက အမြဲတမ်းပြောတယ်။ စည်း ကမ်းရှိဖို့ကိုပဲ ပြောနေတယ်။ ခုနက ပြောသလို သူတို့က လက်ထိပ်ခတ်ချင်တယ်၊ သံဆူးကြိုးကာချင်တယ်၊ ဒါအတွက် သူတို့က စည်းကမ်းပဲ ပြောနေတယ်။ သူတို့ကြတော့ တာဝန်ယူမှုတို့၊ တာဝန်ခံမှုတို့၊ တာဝန်သိမှုတို့ကြတော့ စစ်အစိုးရမှာ လုံးဝ မရှိဘူး။ ဒေါ်စုက အဲဒီလို မဟုတ်ဘူး။ ဒေါ်စုက စည်းကမ်းပြည့်ဝမှု၊ စည်းကမ်းလိုက်နာမှု၊ စည်းကမ်းလေးစားမှု ဆို တာတွေကို တန်ဖိုးထားသလိုပဲ၊
တချိန်တည်းမှာပဲ တာဝန်သိခြင်း၊ တာဝန်ယူခြင်း၊ တာဝန်ခံခြင်းဆိုတဲ့ဟာတွေကို အများ ကြီး အလေးထားပါတယ်။ ဒါကြောင့် ကျွန်တော်က ‘တာ’ဆိုတဲ့ စကားလုံးကို သုံးတာပါ။ အဲဒါကြောင့် ကျွန်တော်ကဗျာရဲ့အစမှာ ‘ရဲ’ ‘ဇွဲ’ ‘ညဏ်’ ‘စည်း’ ‘တာ’ဆိုပြီးတော့ အဲဒီစကားလုံးနဲ့ ဖွင့်ထားတာ ဖြစ်ပါတယ်။

‘မကြောက်တရား တေးကဗျာ’ဆိုတာကတော့ အားလုံးသိတယ့်အတိုင်းပဲ။ မကြောက်တရားကို ဒေါ်စုက ကိုင်ဆွဲတဲ့နေရာမှာ ရိုးရိုးနိုင်ငံရေးဆောင်ပုဒ်လို၊ ကြွေးကြော်သံလို ဒီလို မဟုတ်ဘူး။ ရင်ထဲအသဲထဲမှာ စွဲပြီးတော့ ဉီးနှောက် ထဲမှာ စွဲသွားအောင် ရှိစေတဲ့၊ ရသ သဘောဆောင်တဲ့၊ အလင်္ကာသဘောဆောင်တဲ့ တေးကဗျာတပုဒ်ပဲ။ ဒေါ်စုရဲ့ မကြောက်တရားဆိုတာ ကျွန်တော်တို့ လူတိုင်းရဲ့ ရင်ထဲအသဲထဲမှာ စွဲသွားစေတဲ့ တရားမျိုးကို သူက ပြောတာ။ နိုင်ငံရေး ဆောင်ပုဒ်ကို ပြောတာ မဟုတ်ဘူး၊ မကြောက်တရားဟာ။ ဒါကြောင့် ကျွန်တော် မကြောက်တရား တေးကဗျာလို့ ပြောပါတယ်။ နောက်တခု ‘မီးပုံထဲက ကြာ’ဆိုတာကတော့ အားလုံးသိကြတဲ့အတိုင်းပဲ။ မြန်မာပြည်ဟာ မီးပုံကြီးလို ဖြစ်နေ ပါတယ်။ အဲဒီမီးပုံကြီးကြားထဲမှာ လူတိုင်းဟာ အကုန်လုံးဟာ ညိုးနွမ်းကြေမွပြီးတော့ ပြာပုံ"ပြာတွေ ဖြစ်လုမတတ် ဖြစ်နေ တဲ့အချိန်မှာ ဒေါ်စုဟာ အဲဒီပြာထဲကနေပြီးတော့ ဒီကြားထဲကနေရရုန်းထွက်လာတဲ့၊ မီးပုံထဲက ဖီးနစ်ငှက်လိုပေါ့ဗျာ့၊ မီးပုံထဲက ရုန်းထွက်လာတဲ့ ငှက်လိုပဲ၊ မီးပုံထဲကနေပြီးတော့ သူက ကြာပွင့်တပွင့်လို ပွင့်လာတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်လို့ ကျွန်တော်ပြောပါတယ်။ ဒါပါပဲ ခင်ဗျာ။ ကျွန်တော် ပြောချင်တာကတော့ ဒေါ်စုဟာ၊ ဒေါ်စု သူရဲ့ဂုဏ်ရည်သတ္တိတွေဟာ စိတ်ဓာတ်တွေဟာ အလွန်ကို ကောင်းပါတယ်။ ကျွန်တော်တို့ကို လမ်းပြကြယ်ကြီးလိုကို ဖြစ်နေတယ်။

အထူးသဖြင့်ကတော့ ကျွန်တော်စောစောက ကျွန်တော့်ကဗျာလေးထဲမှာ ပါတဲ့အတိုင်းပဲ။ မကြောက်တရားဟာ ဒေါ်စုရဲ့ တကဲ့အရေးအကြီးဆုံး ဘဝ လောကအမြင် ပါပဲ။ သို့မဟုတ်ရင်လည်း ဘဝဒဿနပါပဲလို့ ကျွန်တော်ပြောချင်ပါတယ်။ အဲဒီအတိုင်းပဲ ကျွန်တော်တို့ ပြည်ပမှာ ရောက် နေတဲ့ မြန်မာအမျိုးသားတွေ အမျိုးသမီးတွေ အားလုံးဟာလည်း မကြောက်တရားကိုတော့ ကိုင်စွဲကြပါ။ မကြောက် တရားကို ဖေါ်ထုတ်ကြပါ။ ကျွန်တော်တို့ ပြောနေတာ ကျွန်တော်တို့ နိုင်ငံရေးအတွက်တွင် ပြောတာ မဟုတ်ပါဘူး။ လူ့ ဘဝတခုလုံးမှာ ကျင့်သုံးတဲ့နေရာမှာလည်း ကျွန်တော်တို့တွေဟာ အားနာတယ်ဆိုတဲ့ စကားကို အကြောင်းပြုပြီးတော့ ကြောက်တဲ့ဘက်ကို ရွေ့ရွေ့" ရွေ့ရွေ့သွားတယ်။ အဲဒီတော့ ကျွန်တော်တို့ကတော့ မကြောက်ပါနဲ့၊ ဘာဖြစ်ဖြစ် အကုန် လုံးကို။ ကျွန်တော်တို့ ပြောပြောနေတဲ့ စကားရှိပါတယ်။ ဘာလည်းဆိုတော့ သည်းခံကြပါ။ ဒီမိုကရေစီ လုပ်တဲ့နေရာမှာ သည်းခံရမယ်၊ စိတ်ရှည်ရမယ်၊ ခွင့်လွှတ်ရမယ်၊ လိုက်လျောရမယ် ဆိုတာတွေဟာ ကျွန်တော်တို့ရဲ့ သည်းခံခြင်းတရား တွေပဲ။ ဒါ ဒီမိုကရေစီပါရမီ ဖြည့်တာပဲ။
သို့သော် ကျွန်တော်တို့ဟာ ခေါင်းငုံတော့ မခံဘူး။ အဲဒါက ဘာလည်းဆိုတော့ မကြောက်တရားပါပဲ။ ဒီမိုကရေစီ ကျင့်သုံးခြင်းဟာ ကျွန်တော်တို့က ဒီ သည်းခံလိုက်လျောခြင်းကို လုပ်သော်ငြားလည်း၊ ကျွန်တော်တို့က ဒီမိုကရေစီ ကျင့်သုံးတဲ့နေရာမှာပဲ တဖက်ကနေပြီးတော့ ကျွန်တော်တို့ လိုအပ်တဲ့ စွမ်းရည်တခု၊ လက်နက် တခုက ဘာလည်းဆိုရင် မကြောက်တရားပါပဲ။ မဟုတ်လျှင် ခေါင်းငုံမခံခြင်းပါပဲ။ အဲဒါနှစ်ခုစလုံးကို ပေါင်းစည်းလိုက်လျှင် ခုနကလို ဒီမိုကရေစီခန္တိတရားနဲ့ တိုက်ပွဲဝင်တဲ့ ခေါင်းငုံမခံတဲ့တရား နှစ်ခုပေါင်းလိုက်လျှင် ဒါ မကြောက်တရားရဲ့ လက္ခဏာ တွေပဲ ဖြစ်လာပါလိမ့်မယ်လို့ ကျွန်တော်တို့ ပြောချင်ပါတယ်။

နောက်တချက် ကျွန်တော်ပြောချင်တာကတော့ ဒေါ်စုရဲ့မွေးနေ့မှာ ဒေါ်စုဟာ ဒုတိယအရေးအကြီးဆုံး၊ ဒုတိယ အကြီးမားဆုံးသော စိတ်ပိုင်းဆိုင်ရာသတ္တိက ဘာလည်းဆိုရင် အနစ်နာခံခြင်းပါပဲ။ အနစ်နာခံခြင်းဆိုတာ အားလုံး သိကြ တဲ့အတိုင်းပါပဲ။ ဒေါ်စု ဘယ်လောက်အနစ်နာခံတယ်ဆိုတာ ကျွန်တော်တို့ အနီးကပ်တဲ့လူတွေက ပိုသိပါတယ်။ သူရဲ့ ကိုယ်ရေးကိုယ်တာတွေ အကုန်လုံး စွန့်လွှတ်ထားတယ်၊ သူရဲ့ဘဝတခုလုံး ဒီမှာ မြုပ်နှံထားတယ်။ လူတိုင်းက ထင်တာ ဒေါ်စုက မြန်မာပြည်လာပြီးတော့ နည်းနည်းပါးပါး တောပြောတောင်ပြော ပြောမယ်၊ နိုင်ငံရေးလေး ဘာလေး လုပ်လို့ရရင် လုပ်မယ်၊ လုပ်မရ ပြန်သွားမယ်ဆိုတဲ့ လူစားမျိုးလို့ သူတို့က ဘယ်လောက်ပဲ ပုံဖေါ်နေနေ၊ ဒေါ်စုက အဲဒီလို လူမျိုး မဟုတ်ဘူးဆိုတာကို ခု နှစ်ပေါင်းနှစ်ဆယ် တိတိ သက်သေပြခဲ့ပြီ။ ဒေါ်စုရဲ့အရည်အချင်းတွေဟာ ပုလဲလုံးမှာ အဆီတက် သလို ဂုဏ်ရည်တွေ တနေ့တခြားတက်လာတယ်။ အဲဒီ ဂုဏ်ရည်တွေထဲမှာ အခိုင်မာဆုံး ဂုဏ်ရည်ကတော့ စွန့်လွှတ်ခြင်း ပေါ့။ ကိုယ်ရေးကိုယ်တာတွေကော အကုန်လုံးကို စွန့်လွှတ်ခြင်း၊ ဒါဟာလည်း အရေးကြီးပါတယ်။ အဲဒီတော့ ဒီစိတ်ဓာတ် မျိုးကိုလဲ ကျွန်တော်တို့ တန်ဖိုးထားဖို့ လိုပါတယ်လို့ ကျွန်တော်ပြောချင်ပါတယ်။ ကျွန်တော်ပြောချင်တာကတော့ ဒေါ်စုကို ပြောတဲ့နေရာမှာ ခုနက ပြောတဲ့ နိုင်ငံရေးစကားတွေ ပြောတာထက်၊ သို့မဟုတ် နိုင်ငံရေးလုပ်ရပ်တွေက ဒါတွေ တကမ္ဘာလုံး သိနေတဲ့ကိစ္စမို့လို့ ကျွန်တော် မပြောတော့ပါဘူး။ ကျွန်တော် ပြောချင်တဲ့ဟာကတော့ အဲဒီ နှစ်ခုပါပဲ။ ကျွန်တော်ကဗျာထဲမှာပါတဲ့ ‘ရဲ’‘ဇွဲ’ ‘ဉာဏ်’ ‘စည်း’ ‘တာ’တွေ ဆိုတာတွေ ဟာလည်း ကိုယ့်က လိုက်နာ၊ ဒေါ်စုလိုပဲ နမူနာယူပြီး လုပ်ရင်လည်း အကောင်းဆုံးပေါ့ဗျာ။ လုပ်ကြဖို့ပေါ့။ အထူးသဖြင့် ကတော့ မကြောက်တရားဆိုတာကို ကိုင်စွဲကြပါ။

နောက်တခုကတော့ စွန့်လွှတ်မှုဆိုတာ - အများအတွက် စွန့်လွှတ်ရမယ်၊ တိုင်းပြည်အတွက် စွန့်လွှတ်ရမယ်၊ မိတ်ဆွေအပေါင်းအသင်းအတွက် စွန့်လွှတ်ရမယ်၊ မိသားစုအတွက် စွန့်လွှတ်ရမယ်ဆိုတာ၊ စွန့်လွှတ်တဲ့စိတ်ဓာတ်ကတော့ ကျွန်တော်တို့ ဘယ်အဆင့်မှဖြစ်ဖြစ် ကျင့်သုံးလို့ ရပါတယ်။ အနိမ့်ဆုံး ကိုယ်ရဲ့ ဒီဘဝအတွက်တောင်မှ ကိုယ့်တဘဝ ကိုယ်တယောက်တည်းအတွက်တောင်မှ ဆိုလိုတာကတော့ နောင်သံသရာအတွက်ကို မျှော်ကိုးပြီးတော့ ကိုယ့်ရဲ့ လက်ရှိ ဘဝမှာ စွန့်လွှတ်မှုတွေ လုပ်ရပါတယ်။ အနစ်နာခံမှုတွေ လုပ်ရပါတယ်။ ပါရမီဖြည့်ရပါတယ်ဆိုတဲ့ သဘောပဲဗျ။ ချုပ်လိုက်ရင်တော့ (ဒေါ်စုရဲ့) ကျွန်တော်ဒီနေ့ တိုက်တွန်းချင်တာကတော့ ဒေါ်စုမှာ အကောင်းဆုံးဖြစ်တဲ့ စိတ်ဓာတ် စိတ်ပိုင်းဆိုင်ရာ ဂုဏ်ရည်ဟာ ဒီ မကြောက်တရားနဲ့ စွန့်လွှတ်မှု
ပဲ ဖြစ်ပါတယ်။ အဲဒါကိုလည်း တတ်နိုင်သမျှ ကျင့်သုံးကြပါ။ အဆင့်ဆင့် ကျင့်သုံးကြပါ။ ပုံစံအမျိုးမျိုးနဲ့ ကျင့်သုံးကြပါ။ နည်းမျိုးစုံနဲ့ ကျင့်သုံးပါ။ အခါခပ်သိမ်းလည်း ကျင့်သုံးကြပါ။ နေရာတိုင်းမှာလည်း ကျင့်သုံးကြပါ။ ခု ပြည်ပမှာတင် မဟုတ်ဘူး၊ ပြည်တွင်းမှာလည်း ကျင့်သုံးပါ။ ခုပြည်တွင်းမှ မဟုတ်ဘူး၊ ပြည်ပမှာလည်း ကျင့်သုံးပါ
လို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်။ ဒီလောက်ပါပဲ ခင်ဗျာ။

No comments:

Current world times
Burma (Rangoon) USA (Los Angeles) Australia (Canberra) Japan (Tokyo) Russia (Moscow)