Monday, July 20, 2009

့http://www.dawnmanhon.com/သို့လိပ်စာပြောင်းခြင်း

ကျနော်၏ ယခုလက်ရှိသုံးနေသော http://www.dawnmanhon.co.cc/အား http://www.dawnmanhon.com/ သို့လိပ်စာပြောင်းထားပါသည်။

Friday, July 10, 2009

‘’မြန်မာသည် အထီးကျန် မဟုတ်ပါ’’ (ဘန်ကီမွန်း၏ မိန့်ခွန်း ဘာသာပြန်)

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 08 ရက် 2009 ခုနှစ် 15 နာရီ 15 မိနစ်

(ကုလ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ မိန့်ခွန်း)

အစိုးရမဟုတ်သော အဖွဲ့အစည်းများ - NGO ၊ သံတမန်များ၊ ပြည်တွင်း သတင်းထောက်များ စုစုပေါင်း ၅ဝဝ ခန့် တက်ရောက်ခဲ့သည့် ရန်ကုန်မြို့ ဟံသာဝတီ မူးယစ် ဆေးဝါးပြတိုက်၌ ယခုလ ၄ ရက်နေ့တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံကို ဒေါက်တာ မောင်မောင်လှကြိုင်မှ ဘာသာပြန်ဆို ပေးပို့ခြင်း ဖြစ်ပါသည်။

ဂုဏ်သရေရှိ လူကြီးမင်းများ၊ ဧည့်သည်တော်များနှင့် ရောင်းရင်းမိတ်ဆွေများ ခင်ဗျား

ဒါဟာ တနှစ်ကျော်အတွင်း မြန်မာနိုင်ငံကို ဒုတိယအကြိမ်မြောက် လာရောက်ခြင်း ဖြစ်ပါတယ်။ နှစ်ကြိမ်စလုံးဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် အရေးကြီးတဲ့ အချိန်များပင် ဖြစ်ပါတယ်။

ပထမ ကျနော် လာရောက်တဲ့အချိန်ဟာ နာဂစ်မုန်တိုင်း ဝင်ရောက်ပြီးချိန်အတွင်း ဖြစ်ပါတယ်။ ဒီ ကြောက်မက်ဘွယ် သဘာဝဘေးအန္တရာယ်ဟာ အသက်ပေါင်းများစွာကို ယူသွားခဲ့တယ်၊ ကြမ်းတမ်းတဲ့ အခြေအနေတွေကိုလဲ ဖန်တီးခဲ့တယ်၊ တကမ္ဘာလုံးရဲ့ နှလုံးသည်းပွတ်တွေကိုလဲ ခံစားရအောင် လှုပ်ကိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ လိုအပ်နေချိန်မှာ ကမ္ဘာက ရက်ရက်ရောရော တုံ့ပြန်ခဲ့ပါတယ်။

ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရန် ကြိုးပမ်းချက်ဖြစ်တဲ့ သင်တို့ရဲ့ ထင်ရှားတဲ့ ပံ့ပိုးကူညီမှုများအတွက် အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ဒီနေ့ ဒီနေရာကနေ ပုဂ္ဂိုလ်ရေးအရ ကျနော် ပြောကြားလိုပါတယ်။

သင်တို့ဟာ အသက်ပေါင်းများစွာကို ကယ်ခဲ့ပါတယ်၊ လူ့အသိုင်းအဝိုင်းကို ပြန်လည်ရှင်သန်လန်းဆန်းစေပါတယ်၊ ထောင်ပေါင်းများစွာသော ပြည်သူတွေကို သူတို့ရဲ့ နေထိုင်မှုဘဝများအား ပြန်လည်အသက်ဆက်စေနိုင်ခဲ့ပါတယ်။

ဂုဏ်သရေရှိ လူကြီးမင်းများ ခင်ဗျား

အာရှတိုက်သားတယောက်အနေနဲ့ရော အထွေထွေအတွင်းရေးမှူးချုပ်အနေနဲ့ပါ နာဂစ်မုန်တိုင်းဒဏ်ကို ကြေကွဲစွာ ခံစားရမိပါတယ်။

ကျနော်ဟာ အာရှတိုက်ရဲ့ ဒုတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ်ပါ။ ပထမမြောက် ပုဂ္ဂိုလ်ကတော့ မြန်မာနိုင်ငံသား ဦးသန့်ပါ။ သူ့ရဲ့ မှတ်ဉာဏ်ကို ကျနော် မြတ်နိုးကြည်ညိုပါတယ်။ သူရဲ့ ပညာရှိစကားကိုလဲ အမှတ်ရပါတယ်။

ဦးသန့်က ဆိုမိန့်ခဲ့ပါတယ်။ “လူသားတဦးချင်းစီရဲ့ တန်ဖိုးဟာ ကျနော်တို့ရဲ့ အဖိုးတန် ပိုင်ဆိုင်မှုတွေအနက် အလွန်ထူးခြားပြီး အလွန်တန်ဖိုးရှိလှပါတယ်။ အစိုးရများ၊ စံနစ်များ၊ အတွေးအခေါ်များနဲ့ အသင်းအပင်း၊ အဖွဲ့အစည်းများ ဝင်လိုက် ထွက်လိုက်နဲ့ ဖြစ်နေပေမင့် လူသားဂုဏ်ရည်ကတော့ ဆက်လက်တည်ရှိနေမှာပါ” တဲ့။

ဒါကြောင့် ကျနော် ပြန်လာခဲ့တာဖြစ်ပါတယ်။

အထွေထွေ အတွင်းရေးမှူးချုပ်အနေနဲ့ သူတို့ရဲ့ တရားဝင်ဆန္ဒပြင်းပြမှုများ ရရှိစေနိုင်ရန်အတွက် ဒီနိုင်ငံပြည်သူများအား ကူညီနိုင်ရေးကို အရေးအကြီးဆုံးအဖြစ် ကျနော် ဦးထိပ်ပန်ဆင် သယ်ဆောင်လာပါတယ်။

ကုလသမဂ္ဂဟာ လူအများရဲ့ အခွင့်အရေးများ၊ ချမ်းသာသုခများ၊ ဂုဏ်အရှိန်အဝါများအတွက် ဆောင်ရွက်ပေးနေပါတယ်။ ဒါဟာ စိတ်ကြိုက်ရွေးချယ်လုပ်ပေးနေခြင်း မဟုတ်ပါ။ ဒါဟာ ကျနော်တို့ရဲ့ တာဝန်ပိုင်းပါ။

ကုလသမဂ္ဂရဲ့ ပြတ်သားပြီး တာဝန်ခွဲဝေကာ ပြဋ္ဌာန်းနှစ်မြှုပ်ဆောင်ရွက်ခြင်းကို မြန်မာပြည်သူများအား ပြသရန် ကျနော် လာရောက်တာဖြစ်ပါတယ်။

ဒီနေ့ ဒီနေရာမှာ ကျနော် ပြောပါရစေ။ မြန်မာ - သင်သည် အထီးကျန် မဟုတ်ပါ။

စည်းလုံးညီညွတ်တဲ့၊ ငြိမ်းချမ်းတဲ့၊ ပေါကြွယ်ဝတဲ့ ခေတ်သစ်ဒီမိုကရေစီ မြန်မာနိုင်ငံအတွက် သင်တို့နဲ့အတူ အလုပ်လုပ်ရန် ကျနော်တို့ လိုလားပါတယ်။

ဆင်းရဲတွင်းမှ ရုန်းထနိုင်ရန် သင်တို့ကို ကျနော်တို့ ကူညီလိုပါတယ်။

နိုင်ငံတကာ အသိုင်းအဝန်းရဲ့ လေးစားခံရတဲ့ တာဝန်သိတဲ့ အဖွဲ့ဝင်နေရာကို သင်တို့နိုင်ငံရယူနိုင်ရန်အတွက် သင်တို့နဲ့အတူ ကျနော်တို့ လုပ်ဆောင်လိုပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ ရေရှည်ခံ ဖွံ့ဖြိုးတိုးတက်မှုများအတွက် ကျနော်တို့ သင်တို့ကို ကူညီလိုပါတယ်။

ဒါပေမင့် ကျနော် အလေးအနက်ပြု ပြောပါရစေ - ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လေးစားလိုက်နာမှု မရှိလျှင် ငြိမ်းချမ်းရေးသော်၎င်း၊ ဖွံ့ဖြိုးတိုးတက်မှုသော်၎င်း ရှင်သန်မှာ မဟုတ်ပါဘူး။

မြန်မာနိုင်ငံဟာ ခြွင်းချက်မဟုတ်ပါ။

ဂုဏ်သရေရှိ လူကြီးမင်းများ ခင်ဗျား

စိန်ခေါ်မှုတွေက အများကြီးပါ။ ဒါပေမင့် ကျော်လွှားလို့မရနိုင်တာတော့ မဟုတ်ပါ။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းတဲ့၊ ဒီမိုကရေစီစံနစ်ရှိတဲ့ သာယာဝပြော ပေါကြွယ်ဝတဲ့ အနာဂတ်ကို ကာကွယ်ထိန်းသိမ်းရမယ့်ကိစ္စဟာ ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်ဖြစ်ကြောင်း အတွေ့အကြုံများအရ ကျနော်တို့ သိရှိရပါတယ်။

မြန်မာနိုင်ငံအတွက် မည်သည့် စိန်ခေါ်မှုကိုမဆို မြန်မာနိုင်ငံချည်းသက်သက် မဖြေရှင်းနိုင်ပါ။ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူအခွင့်အရေးဟာ အပြန်အလှန် နွယ်ယှက် ဆက်စပ်နေပါတယ်။

ဒီအချက်တွေကို တူညီတဲ့အာရုံစိုက် အလေးထားမှုမရှိဘဲ ပြောဆိုဆောင်ရွက်ခြင်းဟာ ဒီမိုကရေစီရေး၊ တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးတို့ရဲ့ အလားအလာကောင်းခြင်းကို မှေးမှိန် သေးသိမ်စေပါတယ်။

ဒါပေမင့်၊ တွေ့ဆုံဆွေးနွေးရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် စစ်မှန်တဲ့ ဆန္ဒရှိမယ်ဆိုရင် အခက်အခဲ အားလုံးကို ကျော်လွှားအောင်မြင်မှာပါ။

‘အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ လူ့အခွင့်အရေးကို အပြည့်အဝ အလေးထားရေးအတွက် စောင့်ဆိုင်းဘို့ မြန်မာဟာ အချိန်ဘယ်လောက်ကြာကြာ ကြိုးပမ်းနိုင်မှာလဲ’ ဆိုတာဟာ ယနေ့ မေးခွန်းဖြစ်ပါတယ်။

ကျနော် ရှင်းလင်းပြောပြပါရစေ။ အမျိုးသားရေးအတွက် မြန်မာနိုင်ငံသားအားလုံး ဆောင်ရွက်ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနဲ့ အပစ်အခတ်ရပ်စဲရေး လေ့လာနေတဲ့ လက်နက်ကိုင်အုပ်စုများနဲ့ ယမန်နေ့က တွေ့ခဲ့စဉ်မှာ ကျနော် ပြောခဲ့တာပါ။ ဒီမိုကရေစီလုပ်ငန်းစဉ်နဲ့ ငြိမ်းချမ်းရေးအတွက် သူတို့ရဲ့ ပြဋ္ဌာန်းကြိုးပမ်းမှုကို ဂုဏ်ပြုရန်အတွက် သီးခြားစီ ကျနော် ပြောကြားအားပေးခဲ့တာပါ။

သို့သော်၊ မြန်မာနိုင်ငံကို မြော်မှန်းထားတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ရည်မှန်းချက်ပန်းတိုင်များကို ရောက်ရှိရန် အဓိကတာဝန်မှာ နိုင်ငံ့အစိုးရပေါ် ကျရောက်လျက် ရှိနေပါတယ်။

ဒီတာဝန်များကို ကျေပွန်စွာ မဆောင်ရွက်နိုင်လျှင် မြန်မာနိုင်ငံသားများအား သူတို့ရဲ့ ‘စွမ်းရည် အပြည့်အဝကို နားလည်သဘောပေါက်ခြင်း’ မှ ဟန့်တားထားရာ ရောက်ပါလိမ့်မယ်။

ဒီတာဝန်များကို ကျေပွန်စွာ မဆောင်ရွက်နိုင်လျှင် မြန်မာနိုင်ငံသားများရဲ့ ဂုဏ်သရေရှိစွာ နေထိုင်နိုင်ခွင့်နဲ့ ပိုမို လွတ်လပ်မှုဖြင့် သာလွန်ကောင်းမွန်တဲ့ လူမှုအဆင့်အတန်းများ ခံစားခွင့်ကို ငြင်းပယ်ရာ ရောက်ပါလိမ့်မယ်။

ဒီ အခြေခံစည်းမျဉ်းများဟာ ‘ကျွန်ုပ်တို့သည် ပြည်သူများဖြစ်ကြသည်’ ဆိုတဲ့ စကားများဖြင့် အဖွင့်နိဒါန်းချီထားတဲ့ ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်းရဲ့ ကျောရိုးအတွင်းမှာ တည်ရှိနေပါတယ်။

ဒီ မွန်မြတ်တဲ့ စကားများကို လွတ်လပ်တဲ့ မြန်မာနိုင်ငံရဲ့ စတင်ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကလဲ ပဲ့တင်ထပ်ထားပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ ဒီစည်းမျဉ်းစည်းကမ်းများကို အကောင်အထည်ဖော်ဘို့ သေချာစေရေးအတွက်လဲ ကျနော်တို့ အတူတကွ လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။

ဒီအချက်ကို ကျွန်တော်စိတ်ထဲမှာထည့်ထားပြီး အမှာစကား ၃ ခုကို သယ်ဆောင်ခဲ့ပါတယ်။

ပထမဦးစွာအနေနဲ့ ဘယ်ဒေသမှာမဆို လူသားဂုဏ်ရည်ကို အလေးထားလေးစားခြင်းဟာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ပထမ စတင်လက်ခံခဲ့တဲ့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှာ တနိုင်ငံ အပါအဝင် ဖြစ်ခဲ့ပါတယ်။

နိုင်ငံရေး၊ စီးပွါးရေးနဲ့ လူမှုရေးတိုးတက်မှုများအတွက် လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်မှုများအား လေးစားဘို့ အများဆုံးဖြတ်ချက်ဆန္ဒကို မြန်မာနိုင်ငံက စောစီးစွာ ထောက်ခံခဲ့ပါတယ်။

ကံမကောင်း အကြောင်းမလှစွာဘဲ ဒီပြဋ္ဌာန်းကြိုးပမ်းမှုဟာ အမှန်တကယ်မှာ အံဝင်ခွင်ကျမှု မရှိခဲ့ပါ။ မြန်မာ့လူ့အခွင့်အရေး မှတ်တမ်းဟာ အလွန်အမင်း စိုးရိမ်သောကဖြစ်စရာ အကြောင်းအရာအနေနဲ့ တည်ရှိနေလျက်ပါ။

မြန်မာအစိုးရဟာ သူ့ရဲ့ရည်မှန်းချက်များဖြစ်တဲ့ တည်ငြိမ်မှု၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေးတို့ကို ပြောဆိုနေပါတယ်။

အနှစ် ၂ဝ အတွင်း ပထမဆုံးအနေနဲ့ ကျင်းပမှာဖြစ်တဲ့ လာမယ့်ရွေးကောက်ပွဲဟာ ဂုဏ်ထယ်တင့်တယ်စေလိုလျှင် အားလုံးပါဝင်ပြီး အမြင်ကြည်လင်မှု ရှိရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ရှေ့ဆက်မယ့်ခရီးမှာ လူ့အခွင့်အရေးကို လေးစားလိုက်နာမှု အမြစ်တွယ်ရမှာဖြစ်ပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံးလွှတ်ပေးရမယ်လို့ ကျနော် ပြောခဲ့တာပါ။

ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ မနေ့ကနဲ့ ဒီနေ့ တွေ့ရတဲ့အခါ ဒေါ်စုကြည်ကိုတွေ့ဘို့ တောင်းဆိုခဲ့ပါတယ်။ သူက ငြင်းပယ်လိုက်တဲ့အတွက် ကျနော် များစွာ စိတ်ပျက်ခဲ့ရပါတယ်။

မြန်မာအစိုးရဟာ နိုင်ငံရေးပွင့်လင်းမှုရဲ့ ကဏ္ဍသစ်မှာ ပြဋ္ဌာန်းကြိုးပမ်းမှုကို ပြသနိုင်မယ့် အခွင့်အရေးထူးတခု ဆုံးရှုံးသွားပြီလို့ ကျနော် ယုံကြည်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံခွင့်ပေးလိုက်ခြင်းဟာ ၂ဝ၁ဝ ရွေးကောက်ပွဲကို အများယုံကြည်လက်ခံနိုင်မှု ရှိစေရေးအတွက် အရေးကြီးတဲ့ အဓိပ္ပာယ်ရှိသော ဆောင်ရွက်မှုကို စတင်လုပ်ဆောင်ရန် အစိုးရက ဆန္ဒရှိကြောင်းကို ဖော်ပြတဲ့ အရေးကြီးတဲ့ ပြယုဂ်ဖြစ်ပါလိမ့်မယ်။

ဒီနိုင်ငံရဲ့ အနာဂတ်အတွက် ပြည့်ဝတဲ့ ပါဝင်ဆောင်ရွက်နိုင်ခွင့်အား မြန်မာနိုင်ငံသားအားလုံးကို အမှန်တကယ် ပေးရမှာဖြစ်ပါတယ်။

ပါဝင်ဆောင်ရွက်လိုသူများအားလုံး လွတ်လပ်တက်ကြွစွာ ပါဝင်မှုမရှိလျှင် အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ မပြည့်စုံနိုင်ပါ။

သက်ဆိုင်တဲ့ပုဂ္ဂိုလ်များ၊ တိုင်းရင်းသားအုပ်စုများနဲ့ လူနည်းစုများအားလုံး ပါဝင်တဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှု လုပ်ငန်းစဉ်ကို မြန်မာနိုင်ငံဟာ စတင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ပြည်သူအများဟာ နိုင်ငံရေးဆွေးနွေးမှုမှာ လွတ်လပ်စွာ အခြေအတင် ပြောနိုင်ရမယ်၊ လွတ်လပ်စွာ ပါဝင်နိုင်ရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီလုပ်ငန်းစဉ်မှာ အဓိပ္ပာယ်ရှိစွာ ပါဝင်နိုင်ရေးအတွက် အထောက်အကူဖြစ်စေမယ့် သတင်းအချက်အလက်များကို လွတ်လပ်စွာ သိရှိရယူနိုင်ရမှာ ဖြစ်ပါတယ်။

ဂုဏ်သရေရှိ လူကြီးမင်းများ ခင်ဗျား

အသွင်ကူးပြောင်းမှုတိုင်းဟာ ခက်ခဲလှပါတယ်။ မြန်မာနိုင်ငံဟာ သက်ဦးဆံပိုင်စံနစ်ကနေ ကိုလိုနီစံနစ်၊ အခုတခါ လွတ်လပ်တဲ့နိုင်ငံအဖြစ် အသွင်ကူးပြောင်းခဲ့ပါတယ်။

သမိုင်းဟာ လတ်တလောမှာ နာကျင်ဘွယ် ဖြစ်ရပ်များ အပါအဝင် ‘အမွေ’ နှစ်မွှာပူးကို သန္ဓေဆောင်ခဲ့ပါတယ်။

လက်နက်ကိုင် ပဋိပက္ခနဲ့ နိုင်ငံရေး ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေတွေပါ။

အချုပ်အခြာပိုင်ဆိုင်မှု၊ နယ်မြေတည်တံ့ခိုင်မြဲမှုနဲ့ အမျိုးသားညီညွတ်ရေးတို့ဟာ နိုင်ငံတိုင်းရဲ့ တရားဝင် စိုးရိမ်သောကများ ဖြစ်ပါတယ်။

နိုင်ငံရေးဝန်းကျင်ကို ဖွင့်ပေးခြင်းနဲ့ ချဲ့ထွင်ခြင်းဟာ ပိုမိုကြီးမားတဲ့ စုပေါင်းဆောင်ရွက်ခြင်းရဲ့ အစိတ်အပိုင်းအဖြစ် အုပ်စုတစုချင်းနဲ့ လူတဦးချင်း ပါဝင်နိုင်မှုအတွက် အာမခံရန် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း ကျနော်တို့ ရဲရဲကြီးပြောနိုင်ပါတယ်။

စစ်တပ်၊ နိုင်ငံရေးအဖွဲ့အစည်းအားလုံး၊ တိုင်းရင်းသားလူနည်းစုများ၊ အများပြည်သူနဲ့ သက်ဆိုင်သော အဖွဲ့အစည်းများနဲ့ မြန်မာနိုင်ငံရဲ့ သားသမီးတိုင်း အမှန်တကယ်ကို နိုင်ငံရဲ့ အသွင်ကူးပြောင်းရေးမှာ ပါဝင်ကြရမှာ။

အပြန်အလှန် အပေးအယူလုပ်ညှိနှိုင်းခြင်း၊ လေးစားခြင်းနဲ့ နားလည်မှုတို့သာလျှင် ကြာရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေးတို့အတွက် အခြေခံအုတ်မြစ် ချပေးနိုင်မှာ ဖြစ်ပါတယ်။

ကျနော်ရဲ့ ဒုတိယ အမှာစကားကတော့ မြန်မာနိုင်ငံသားများရဲ့ လူသားချင်းစာနာတဲ့ လိုအပ်ချက်များကို ဖော်ပြလိုပါတယ်။

ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာ ဖြစ်ထွန်းခဲ့တဲ့ တိုးတက်မှုများကို ကြည့်မြင်နိုင်ရန် ပြန်လည်ရောက်ရှိလာနိုင်စွမ်းအတွက် ကျနော် ဝမ်းသာလှပါတယ်။

အလိုချင်ဆုံးကတော့ နာဂစ်မုန်တိုင်းဒဏ်ကို တုံ့ပြန်ခြင်းဟာ သီးခြားခွဲခြားထားခြင်းအပေါ် ပူးပေါင်းဆောင်ရွက်နိုင်ခြင်းရဲ့ တန်ဖိုးကို သက်သေပြနိုင်တာပဲ။

အလှူရှင်အသိုင်းအဝန်းရဲ့ ကူညီပံ့ပိုးမှုဖြင့် ‘သုံးပွင့်ဆိုင် ကျောရိုးအုပ်စု’ အဖြစ် မြန်မာ၊ ကုလသမဂ္ဂနဲ့ အာဆီယံတို့အတွင်း မကြုံစဖူး ပူးပေါင်းဆောင်ရွက်ခြင်းဟာ လူသားချင်း စာနာမှု အရေးပါခြင်းနဲ့ အချုပ်အခြာ အာဏာပိုင်မှုရဲ့ စည်းမျဉ်းစည်းကမ်းတို့ဟာ ပဋိပက္ခ မဖြစ်ကြဘူးဆိုတာ သက်သေပြသွားပါတယ်။

မြန်မာနိုင်ငံနဲ့ မည်သည့်နေရာတွင်မဆို လူသားချင်းစာနာမှု အကူအညီဟာ နိုင်ငံရေးအတွက် တုံ့ပြန်ရမယ့် ဓားစာခံ မဖြစ်သင့်ပါဘူး။ မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှုနဲ့ တိုးတက်မှု အထောက်အကူများ လိုအပ်နေသူအားလုံး ရရှိနိုင်ရေးအာမခံချက်ရှိအောင် ကျနော်တို့ အတူတကွဆောင်ရွက်နိုင်ရမယ်၊ လုပ်ကိုလုပ်ရမှာ ဖြစ်ပါတယ်။

အခုဟာကတော့ ကျနော်ရဲ့ တတိယ အမှာစကားဖြစ်ပါတယ်။

အခုအချိန်ဟာ မြန်မာနိုင်ငံအနေနဲ့ သူရဲ့ စီးပွါးရေးစွမ်းအင် အလားအလာကောင်းများကို ထုတ်ဖော်ဘို့ အချိန်ဖြစ်ပါတယ်။

‘အာရှစီးပွါးရေးအံ့ဘွယ်’ အလယ်မှာ မြန်မာနိုင်ငံဟာ ရပ်တည်နေပါတယ်။ နိုင်ငံတဝှန်းမှာ လျင်မြန်တဲ့ တိုးတက်မှုများအတွက် မြန်မာကို ‘ကကြိုးဆင်စေခြင်းဟာ’ လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက် အသေချာဆုံးနည်းလမ်း ဖြစ်ပါတယ်။

မြန်မာအစိုးရရဲ့ ကုန်သွယ်မှုအတွက် ပြင်ပကို လမ်းဖွင့်ပေးခြင်းဝါဒ၊ ထောင်စုဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ ရရှိအောင် ကြိုးပမ်းမှု၊ အိတ်ခ်ျအိုင်ဗီ ဝေဒနာ ထိန်းချုပ်မှု၊ လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ ဘိန်းထုပ်လုပ်မှု အဆုံးသတ်ရေးတို့ကို ကျနော် ကြိုဆိုပါတယ်။

ဒါပေမင့် အမှန်လက်တွေ့မှာတော့ ပြည်သူသန်းပေါင်းများစွာဟာ ဆက်လက်ဆင်းရဲနေဆဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ လူနေမှုအဆင့်အတန်းဟာ အာရှရဲ့ အနိမ့်ဆုံးထဲမှာ ပါဝင်နေတုန်းပါ။

ဒီမြန်မာပြည်သူများဟာ အလုပ်များ လိုအပ်နေပါတယ်။ စားနပ်ရိက္ခာဖူလုံမှုတွေ လိုအပ်နေပါတယ်။ ကျန်းမာရေး စောင့်ရှောက်ခံယူနိုင်မှုတွေ လိုအပ်နေပါတယ်။

ဒေသဆိုင်ရာနဲ့ တကမ္ဘာလုံးဆိုင်ရာ စီးပွါးရေးမှ အကျိုးအမြတ် ရနိုင်အောင်နဲ့ ပါဝင်ပံ့ပိုးပေးနိုင်ရေးအတွက် မြန်မာပြည်သူများကို အာမခံရဘို့ ကျနော်တို့ လုပ်ပေးရမှာ ဖြစ်ပါတယ်။

တည်ငြိမ်ပြီး သာယာဝပြောပေါကြွယ်တဲ့ ဒီမိုကရေစီမြန်မာနိုင်ငံမှ ဒေသနဲ့ ကမ္ဘာက အကျိုးအမြတ်တွေ ပိုမိုရရှိလာမှာကို ကျနော်တို့ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ အဲဒီရည်မှန်းချက်အတွက် ကျနော်တို့ ဆောင်ရွက်ပေးရပါ့မယ်။

မြန်မာအစိုးရကလဲ ဒီအချိန်အခါကို အမိအရ ရယူရမှာ ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ အသိုင်းအဝန်းက မြန်မာနိုင်ငံပြည်သူများကို လက်ကမ်းရန် ပြင်ဆင်နေသည့် အခွင့်အလမ်းများရဲ့ အကျိုးသက်ရောက်မှုကို မြန်မာအစိုးရက ရယူရမှာ ဖြစ်ပါတယ်။

ဂုဏ်သရေရှိ လူကြီးမင်းများ ခင်ဗျား

ကျနော် ဒီကို မိတ်ဆွေတဦးအဖြစ် ရောက်လာခဲ့တာပါ။

ကျနော့်တာဝန်က ကုလသမဂ္ဂပဋိဉာဉ်ရဲ့ အကောင်းဆုံးစံများနဲ့ စည်းမျဉ်းစည်းကမ်းများကို ထိန်းသိမ်းဘို့ပဲ ဖြစ်ပါတယ်။

ကျနော့်အခန်းကဏ္ဍကတော့ သင်တို့အားလုံး - အစိုးရ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားအုပ်စုများ၊ လူမှုအဖွဲ့အစည်းများ - ကို ပြည်သူတရပ်အနေနဲ့ နိုင်ငံတခုအနေနဲ့ အတူတကွ ရှေ့ဆက်ရွေ့လျားဘို့ အားပေးရန် ဖြစ်ပါတယ်။

ကဏ္ဍအားလုံးရဲ့အပေါ်မှာ ပြည်သူ့အကျိုးကို ထားရှိလိုက်တဲ့အခါ မကျော်လွှားနိုင်တာ သို့မဟုတ် မဖြစ်နိုင်တာ ဆိုတာ မရှိပါဘူး။

ဒေသနဲ့ ကမ္ဘာဟာ လျင်မြန်စွာ ပြောင်းလဲနေပါတယ်။ ပူးပေါင်းဆောင်ရွက်ခြင်းမှ၊ ပြီးတော့ မိမိကိုယ်တိုင် ပြောင်းလဲမှုကို စတင်လုပ်ခြင်းမှ အကျိုးဖြစ်ထွန်းဘို့ မြန်မာဟာ ရပ်တည်လို့သာ နေပါတယ်။

မြန်မာအစိုးရက ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဟာ နိုင်ငံရဲ့ နိုင်ငံခြားရေးဝါဒရဲ့ အခြေခံအုတ်မြစ် ဖြစ်တယ်လို့ ထပ်ခါတလဲလဲ ပြောလျက်ရှိပါတယ်။

စကားတွေနဲ့ အလုပ်တွေ ကိုက်ညီဘို့အတွက် ကျနော်တို့ တောင်းဆိုပါတယ်။

သူ့ပြည်သူများရဲ့ လိုအပ်ချက်များနဲ့ ပြင်းပြတဲ့ဆန္ဒများကို တုံ့ပြန်ဘို့ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂနဲ့ ပိုမိုပူးပေါင်းလုပ်ဆောင်လေ နိုင်ငံရဲ့ အချုပ်အခြာပိုင်ဆိုင်မှုကို အခိုင်အမာပြုနိုင်လေ ဖြစ်ပါတယ်။

ဒီအတူပါပဲ။ ကျနော်တို့်ရဲ့ ဝေမျှခံယူထားတဲ့ ရည်မှန်းချက်များဖြစ်တဲ့ ပြည်သူအားလုံးရဲ့ လူ့အခွင့်အရေးကို အပြည့်အဝ လေးစားခြင်းနဲ့အတူ ညီညွတ်တဲ့ ငြိမ်းချမ်းတဲ့ သာယာဝပြောတဲ့ ဒီမိုကရေစီနည်းလမ်းကျတဲ့ အနာဂတ်အတွက် မြန်မာနိုင်ငံ လက်လှမ်းမီနိုင်အောင် ကူညီရန် အတူတကွ လုပ်ဆောင်ဘို့ နိုင်ငံတကာ အသိုင်းအဝန်းမှာလဲ တာဝန်ရှိပါတယ်။

ကျေးဇူးတင်ပါတယ်။
(ဇူလိုင်လ ၆ ရက်၊ ၂ဝဝ၉ ခုနှစ်)

Thursday, July 9, 2009

ဂျီမေးလ်နဲ့ ဂျီတော့ခ်များ သုံးစွဲရခက်ခဲနေ

တင့်လွင်၊ ရန်ကုန်

ဇူလိုင် ၉၊ ၂၀၀၉
လွန်ခဲ့သည့် သီတင်းပတ်ကုန်မှ စတင်ပြီး ဂျီမေးလ် နှင့် ဂျီတော့ခ် သုံးစွဲသူများ အဆိုပါဝက်ဆိုက် လိပ်စာသို့ လွယ်ကူစွာ ၀င်ရောက်နိုင်ခြင်းမရှိပဲ ပရောက်စီ Proxy ၀က်ဆိုက်များ မှတဆင့် ၀င်ရောက်နေကြရသည်ဟု အင်တာနက် သုံးစွဲသူများက ပြောဆိုသည်။ ဥပမာအားဖြင့် ဂျီမေးလ်သုံးစွဲလိုပါက ပရောက်စီလိပ်စာများ ဖြစ်သည့် https://www.vtunnel.com, https://www.ztunnel.com စသည်တို့ မှတဆင့်ဝင်ရောက် အသုံးပြုနေကြရသည်ဟု အင်တာနက် ဆိုင်ဝန်ထမ်းများ ပြောဆိုသည်။

အချို့သော သုံးစွဲသူများမှာမူ ဂျီလိုက် Glite ကဲ့သို့သော တဆင့်ခံ ၀က်ဆိုက်မှ သုံးစွဲနေကြပြီး၊ ကွန်ပျူတာကျွမ်းကျင်သူများကမူ တတ်နိုင်သရွေ့ ဂျီလိုက်သုံးစွဲမှုကို ရှောင်ရှားရန် အကြံပြုကြသည်။ ဂျီလိုက်ကို သုံးစွဲခြင်းဖြင့် မိမိ၏ လိပ်စာနှင့် ၀ှက်စာကို အဆိုပါ ဆာဗာတွင် ကျန်ရစ်စေနိုင်သည့် အန္တရာယ် ရှိခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ အင်တာနက် သုံးစွဲသူ တဦးနှင့် တဦးဖုန်းဆက်ကာ ဂျီမေးလ်ကို မည်သည့်လိပ်စာသုံးပြီး ဖွင့်ရမလဲဆိုသည့် မေးမြန်းမှုများ ယခုရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင် ကျယ်ကျယ်ပြန့်ပြန့် ကြားသိနေရသည်။

ဂျီတော့ခ် သုံးစွဲလိုပါက http://izuz.net ၀က်ဆိုက်မှ တဆင့်အသုံးပြုကြရပြီး ထိုသို့ တဆင့်ခံ ၀က်ဆိုက်မှ သုံးစွဲရသည့် အတွက် ဂူးဂဲလ်၏ လုပ်ဆောင်ချက် များကိုပြည့်ပြည့်စုံစုံ မသုံးစွဲနိုင်ဟု သိရှိရသည်။ ဥပမာအားဖြင့် ဂျီမေးလ်ကို html view အဖြစ်သာသုံးစွဲနိုင်ပြီး၊ တဆင့်ခံ ၀က်ဆိုက်မှ တဆင့် ဂျီတော့ခ် သုံးစွဲသည့်အခါတွင်လည်း ပုံမှန်ဂျီတော့ခ် မှ မက်ဆေ့ခ်ျ စာတမ်းများ၊ မေးလ်စစ်သည့် လုပ်ဆောင်ချက်များကို အသုံးမပြုနိုင်ဟု သိရှိရသည်။

နအဖ စစ်အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် အသုံးများဆုံး ဖြစ်သည့် ဂူးဂဲလ်မေးလ်နှင့် ဂျီတော့ခ်ကို ပိတ်ဆို့ရန် ကြိုးစားလျက်ရှိသည်မှာ ကာလအတန်ကြာကတည်းက ဖြစ်ပြီး၊ ယခုတကြိမ် ပိတ်ဆို့မှုမှာ အတော်အတန် ထိရောက်မှု ရှိသည်ဟု သုံးစွဲသူများက ဝေဘန် ပြောဆိုသည်ကို သိရှိရသည်။

ယခင်က ဂျီမေးလ်ကို အက်စ်အက်စ်အယ် ကွန်နက်ရှင်း (SSL connection https://) ဖြင့် ၀င်ရောက်နိုင်ခဲ့ကြသည်။ ယခုကဲ့သို့သော ပိတ်ဆို့မှုကို ကျော်ဖြတ်ရန်အတွက် အချို့သော အင်တာနက်ဆိုင်များက Your Freedom ၊ Ultra Surf အစရှိသည့် ဆော့ဝဲများကို သုံးစွဲကာ ကျော်လွှားနိုင်သည်ဟု လည်းသိရသည်။

ယခုလို ဂျီတော့ခ်နှင့် ဂျီမေးလ် အသုံးပြုရန် ခက်ခဲသွားခြင်းကြောင့်အင်တာနက်ဆိုင်များအတွက် ၀င်ငွေကျဆင်းသည့် အကျိုးဆက်များနှင့် ကြုံတွေ့ရနိုင်သည်ဟု ဆိုင်ဖွင့်လှစ်ထားသူများက မှန်းဆကြသည်။ မြန်မာနိုင်ငံတွင် အင်တာနက် ဆက်သွယ်မှု ထွန်းကားလာပြီးနောက် စစ်အစိုးရ၏ သတင်းမှောင်ချမှုကို အံတုပြီး သတင်းအချက်အလက်၊ ဓါတ်ပုံ၊ ဗီဒီယို သတင်းများ ပြင်ပကမ္ဘာသို့ ရောက်ရှိအောင် ပေးပို့လျက်ရှိရာ ၂၀၀၇ ခုနှစ် စက်တင်ဘာ
ရွှေဝါရောင် တော်လှန်ရေးသည့် ထင်ရှားသည့် သာဓက တခုဖြစ်ခဲ့သည်။

မိုးမခမှ ကူးယူဖော်ပြပါသည်။

Sunday, July 5, 2009

၄၅ နှစ်မြောက် ဇူလိုင် ၇ ရက်ကျောင်းသားအရေးတော်ပုံကြီး

(ဒေါင်းလူငယ်)

၁၉၆၂ ခု၊ မတ်လ ၂ ရက် နေ့သည် မြန်မာ့ သမိုင်း စာမျက်နှာ ၌ ကံဆိုး မိုးမှောင် ကျသော နေ့တစ် နေ့ဖြစ် သည်။ ထို့ပြင် ပါလီမန် ဒီမိုက ရေစီ စနစ်ကို နိဂုံးချုပ် ၍ စစ် အာဏာရှင် အစိုးရ စတင်ပေါ် ထွန်းခဲ့ သော နေ့တစ်နေ့ လည်းဖြစ် လေသည်။

မှန်ပေသည်။ထိုနေ့နံနက်တွင် ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်သော တော်လှန်ရေးကောင်စီ (၀ါ) စစ်အာဏာရှင်တို့သည်သမ္မတ ဦးဝင်းမောင်၊၀န်ကြီးချုပ်ဦးနု၊ ၀န်ကြီးများဖြစ်ကြသော သခင်တင်၊ ဒေါက်တာဦးဧမောင်၊ ဦးရာရှစ်၊ ဦးဘစော၊ သခင်တင်မောင်၊ ဦးသွင်၊ စ၀်ခွနချို၊ စ၀်ဝဏ္ဏ၊ ဒေါက်တာစောလှထွန်း၊ ဦးဇာရဲလျန်၊ ဦးဘမြိုင်၊ နိုင်အောင်ထွန်း၊ တရာဝန်ကြီးချုပ်ဦးမြင့်သိန်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌမန်းဘဆိုင်၊လူမျိုးစုလွှတ်တော်ဥက္ကဋ္ဌစ၀်ခွန်ကြည်၊ ညောင်ရွှေစော်ဘွားစ၀်ရွှေသိုက်၊ မိုးနဲစော်ဘွားစ၀်ပြည့်၊ လဲချင်းစော်ဘွားစ၀်နွဲ၊ သာမိုင်းခမ်းစော်ဘွးစ၀်ထွန်းအေး၊ကျိုင်းတုံစော်ဘွားစ၀်ဆိုင်းလုံ၊ မွန်းလွန်းစော်ဘွားစ၀်ခွန်ကိုး၊ မိုင်းခွန်စော်ဘွားစ၀်ကြည်၊ ကျေးသီးမန်းစံစော်ဘွားစ၀်ရွှေမှုံ၊ ဘော်စော်ဘွားစ၀်ခွန်အောင်၊လွိုင်လင်စော်ဘွားစ၀်မိုးကျော်၊ ပင်းတယစော်ဘွားစ၀်ဝင်းကြည်၊ ရွာငံစော်ဘွားစ၀်ခွန်ရီ၊ မိုင်းပန်စော်ဘွားစ၀်ရွှေကြည်၊ စကားစော်ဘွားစ၀်ခွန်ညွန့်၊မိုင်းလုံစော်ဘွားစ၀်မန်လစ်၊ စ၀်ခွန်ထီး၊ စ၀်မန်ဖ (သနီမြောက် ပိုင်းအမတ်)၊ စ၀်အောင်ပူး (လွိုင်လင်အရှေ့ပိုင်းအမတ်)၊ ဦးစံမြတ် (လွိုင်လင်အနောက်ပိုင်း အမတ်)၊ စ၀်ကျော်ခေါင် (လွိုင်လင်အလယ်ပိုင်းအမတ်)၊ ဦးချစ် (လွိုင်လင်တောင်ပိုင်းအမတ်)၊ ဦးရီရောင်း(ကျိုင်းတုံမြောက်ပိုင်းအမတ်)၊ ဦးခွန်နော် (ကျိုင်းတုံအနောက်ပိုင်းအမတ်)၊ ဦးဖြူ (မိုင်းပွန်အမတ်)၊ ဦးကျော်စိန် (သာမိုင်းစမ်းအမတ်)၊ ဦးလွန်း(စကားအမတ်)၊ ဦးအမ်ဇော်လ (ကွတ်ခိုင်အမတ်)၊ ဦးစိန် (ကယား)၊ ဦးထွန်းမြင့် (တောင်ကြီး)၊ ဦးကြာပု၊ ဦးမြတ်ဖူး၊ ဦးစိုးမောင်၊ ဦးချစ်ဦး၊ဦးသန်းတင်၊ ဦးတင်အောင်တို့ကို ဖမ်းဆီး၍ နိုင်ငံတော်အာဏာကို သိမ်းယူလိုက်လေသည်။

သို့ကလို စစ်တမ်မှအာဏာသိမ်းယူလိုက်ကြောင်းကြေညာချက်များနှင့်အတူ ပြည်သူတို့အား စီတန်းလမ်းလျှောက်၍ဆန္ဒပြပွဲများမပြုလုပ်ကြရန်မေတ္တာရပ်ခံချက်များကို သတင်းစာများတွင် ထည့်သွင်းဖေါ်ပြခဲ့သည်။ ဆန္ဒပြလျှင် အရေးယူမည်ဟုလည်း နောက်ဆက်တွဲသတိပေးထား၏။ ကြေညာချက်များကိုဖတ်ရှုရုံဖြင့် စစ်တပ်က အာဏာသိမ်းကြောင်းကြေညာ ချက်ကိုဆန့်ကျင်မှုများ ပေါ်ထွက်လာမည်ကို ဗိုလ်နေ၀င်းနှင့် စစ်အာဏာပိုင်တို့သည် ကြောက်ရွံ့နေသည်မှာ သိသာထင်ရှား လှပေသည်။ အိမ်စောင့်အစိုးရခေတ် (၁၉၅၈-၆၀) တွင် ကိုကိုးကျွန်းအကျဉ်းထောင်ကြီးကို ဆောက်လုပ်ကာ ဒီမိုကရေစီလိုလားသူများနှင့် ကွန်မြူနစ်အရောင်အသွေးရှိသူများဟု ယူဆသူများကို ဒလကြမ်းဖမ်းဆီးနှိပ်စက်ခဲ့သည့်သင်ခန်းစာရှိ သဖြင့် ကန့်ကွက်ဆန္ဒပြပွဲများဖြစ်ပေါ်ခြင်းမရှိစေကာမူ စစ်အစိုးရအလိုမရှိကြောင်းကန့်ကွက်သောစာများ မတ်လ ၂ ရက်နေ့မှစတင်ကာ ပလူပျံပေါ်ထွက်လာခဲ့သည်။ လူငယ်တပ်ဦးနှင့်မဟာမိတ်အဖွဲ့ ၁၀ ဖွဲ့၊ ရခိုင်သံဃာတပ်ဦး၊ ရခိုင်သောတုဇနအဖွဲ့ချုပ် စသောအဖွဲ့များ ဆန့်ကျင်ကန့်ကွက်ချက်များ ထုတ်ပြန်ကြသည်။ ရဲဝံ့ပြတ်သားစွာ ကြေညာသောအဖွဲ့အစည်းများမှာ ကျောင်းသားအဖွဲ့အစည်းများဖြစ်ကြသည်။ တက္ကသိုလ် တပ်ဦးသစ်၊ ရန်ကုန်ခရိုင်ကျောင်းသားများသမဂ္ဂ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂတို့က စစ်တပ်က အာဏာသိမ်းခြင်းကိုမည်သည့်နည်းနှင့်မျှ လက်မခံနိုင်ကြောင်းကြေညာခဲ့ကြသည်။ ကြေညာချက်နှင့်အညီစစ်အစိုးရအား ပြင်းထန်စွာ ဆန့်ကျင်ကြသဖြင့် စစ်အာဏာပိုင်တို့နှင့်ထိပ်တိုက်တွေ့ကြရလေသည်။

ထို့နောက်တော်လှန်ရေးကောင်စီသည် ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့တွင် ကျောင်းစည်းကမ်းသစ်များကိုထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါစည်းကမ်းသစ်များကို အကြောင်းပြု၍ ကျောင်းသားဆန္ဒပြ လှုပ်ရှားမှုများပိုမိုကျယ်ပြန့်လာခဲ့သည်။ ဇူလိုင်လ ၅ ရက်နေ့တွင် ကမာရွတ်ရဲစခန်းရှေ့တွင် ငြိမ်းချမ်းစွာစီတန်းဆန္ဒပြကြသည့် ကျောင်းသားများကို ရဲတို့က သေနတ်နှင့်ပစ်ခတ် လူစုခွဲကြသည်။ ကျောင်းသားတစ်ဦး ဒဏ်ရာရရှိသဖြင့် ဆေးရုံသို့ပို့ရသောအခါတွင် လှုပ်ရှားမှုများပိုမိုပြင်းထန်လာသဖြင့် ရန်ကုန်ခရိုင်ရာဇ၀တ်တရားသူကြီးက ကမာရွတ်အ၀ိုင်းကြီးနယ်မြေအား ပုဒ်မ ၁၄၄ ထုတ်ပြန်ပြိး၊ တက္ကသိုလ်နယ်မြေအတွင်း နေ၀င်မီးငြိမ်းအမိန့်ထုတ်ပြန် လေသည်။ ထိုနေ့၌ပင် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသည်
တက္ကသိုလ် ပရ၀ဏ်တစ်ခုလုံးတံခါးများကိုသော့ခတ် ပိတ်ဆို့ပြီး၊ ဒီမိုကရေစီခံတပ်ကြီးဟု ဆိုင်းဘုတ်များတင်ကာ ဒီမိုကရေစီတရားပွဲများကိုအသံချဲ့စက်ဖြင့်ဟောပြောကြသည်။ မကျေမနပ်ဖြစ်နေသော ကျောင်းသားများသည် စစ်တပ်ဆန့်ကျင်ရေးကိုအမျိုးမျိုးဟောပြောနေကြရာ``တော်လှန်ရေးကောင်စီဝင် ဗိုလ်မှူးကြီးများသည် သုံးယောက်ပေါင်းမှ ၇ တန်းသာ အောင်သူများဖြစ်ကြသည်´´ စသည်ဖြင့် စိတ်တွင်းရှိသမျှဟောပြောကြသည်။ ကျောင်းသားများ၏ ဟောပြောချက်များသည် အနာပေါ်ဒုတ်ကျသည့်အလား နားမခံနိုင်သဖြင့် ဒေါသအမျက်ချောင်းချောင်း ထွက်ကာ စစ်တပ်မှာပစ်ခတ်သတ်ဖြတ်ရန် ဗိုလ်နေ၀င်းကကြိုးမဲ့အသံလွှင့်စကားပြောခွက်ဖြင့် ကိုယ်တိုင်အမိန့်ပေးခဲ့သည်။

ထိုစဉ်ကတက္ကသိုလ်တစ်ဝိုက်တွင် တပ်စွဲထားသောစစ်တပ်များကိုကွပ်ကဲနေသူ ဒုတိယဗိုလ်မှူးကြီးစိန်လွင်က တပ်သားများအား အဆင့်ဆင့်အမိန့်ပေးသဖြင့် လက်နက်မပါဘဲ မိမိတို့အဆောင်တွင်း၌ စုရုံးဆန္ဒပြနေသည့်ကျောင်းသား များကို အစုလိုက်ရက်စက်စွာပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ဆန္ဒပြရာတွင် ပါဝင်ခြင်းမရှိသည့် အဆောင်နေကျောင်းသား များကိုပါ
တွေ့ရာသင်္ချိုင်းဓါးမဆိုင်းဘဲပစ်ခတ်သတ်ဖြတ်ကြသည်။

စစ်တပ်သည် ဂျီသရီမောင်းပြန်သေနတ်သစ်များကို ပထမဆုံးစတင်အသုံးပြုကာလက်တည့်စမ်းပစ်ခတ်ခဲ့ကြသည်။ ထိုသေနတ်သစ်များမှာ အနောက်ဂျာမနီ မှ ပစ္စည်းကိရိယာများကို ရန်ကုန်မြို့ရှိ စစ်လက်နက်ပစ္စည်းထုတ်လုပ်ရေးစက်ရုံတွင် တပ်ဆင်ခဲ့သည်။ ဂျီသရီးသေနတ်သစ်များကို အာဏာသိမ်းစဉ်က တပ်အချို့သို့ထုတ်ပေးခဲ့ရာ၌ ခုခံမှုမရှိသဖြင့် အသုံးမပြုခဲ့ရပေ။ ထိုလက်နက်သစ်များကို စမ်းသပ်ရန်လက်ယားနေသူ ဗိုလ်နေ၀င်းအဖို့ အခွင့်အရေးရရှိသွားတော့သည်။ ဇူလိုင် ၇ရက်နေ့ ကျောင်းသားအရေးအခင်း၌ စစ်အာဏာရှင် အစိုးရက ကျောင်းသား ၁၅ ဦး သေဆုံးပြီး၊ ၂၇ ဦး ဒဏ်ရာရရှိသည်ဟုကြေညာခဲ့သော်လည်း အမှန်တကယ်သေဆုံးခဲ့ရသူပေါင်းမှာ ၂၀၀ နီးပါးခန့်ရှိ၍ ၄၀၀ ခန့်ဒဏ်ရာ ရရှိခဲ့လေသည်။
သို့ကလိုကျောင်းဝင်းအတွင်းသို့ ပစ်ခတ်တိုက်ခိုက်ပြီးနောက် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ (တကသ)၏ အဆောက်အဦကိုစစ်တပ်က ၀ိုင်းထားပြန်၏။

တက္ကသိုလ်သမဂ္ဂအဆောက်အဦကြီးသည် ရန်ကုန်တက္ကသိုလ်၏ဂုဏ်ထူးဆောင်အဆောက်အဦဖြစ်သည်သာမက မြန်မာ့နိုင်ငံရေးသမိုင်းတွင် နယ်ချဲ့ဆန့်ကျင်ရေးခံတပ်ကြီးအဖြစ် လူထုက အမွန်အမြတ်အသိအမှန်ပြုထားသည့်ဗိမာန် ဖြစ်သည်။၁၉၂၀ ခု၊ ဒီဇင်ဘာ ၅ ရက်နေ့ တက္ကသိုလ်ကျောင်းသားများ၏သပိတ်မှစတင်ကာ နိုးကြားလာသည့် မြန်မာလူထုကို ကျောင်းသား ခေါင်းဆောင်များက နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲများဆီသို့ ခေါင်းဆောင်ခဲ့သည်။ တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (တကသ)ကို ၁၉၂၇ ခုနှစ်က စတင်ဖွဲ့စည်းခဲ့သည်။ သမဂ္ဂ၏ရုံးအဆောက်အဦကို ၀ံသာနု မြန်မာသူဌေးကြီးဦးညိုကတည်ဆောက်လှူဒါန်းခဲ့သည်။ အဆောက်အဦကို ကျောင်းသားများ၏ ပညာရေး၊ လူမှုရေးရေးနှင့်ကျန်းမာရေးကိစ္စများကို အသုံးပြုရန်ရည်ရွယ် ခဲ့သဖြင့်အင်္ဂလိပ်တက္ကသိုလ်အာဏာပိုင်များကပင် အားပေးခဲ့ကြသည်။ ကျောင်းသားများက စကားရည်လုပွဲများကျင်းပလေ့ ရှိရာတွင် မြန်မာနိုင်ငံအဖို့ အိန္ဒိယပြည်နှင့် ခွဲရေး၊ တွဲရေးပြဿနာပေါ်လာသောအခါ သမဂ္ဂခန်းမဆောင်မှာ နိုင်ငံရေး ခေါင်းဆောင်များ၏စကားစစ်ထိုးရာဗိမာန်ဖြစ်လာခဲ့ပသည်။ ဦးဘစော၊ ဒေါက်တာဘမော် စသောခေါင်းဆောင်များသည် တကသခန်းမမှဟောပြောကြရင်းစည်းရုံးရေးလုပ်ငန်းများလုပ်ဆောင်ခဲ့ကြသည်။

နောက်ပိုင်း တကသအသင်းကို ကျောင်းသားခေါင်းဆောင်အဖြစ် ကိုနု၊ ကိုအောင်ဆန်း၊ ကိုကျော်ငြိမ်း၊ ကိုသိန်းဖေနှင့် ကိုရာရှစ်တို့ တက်လာချိန်မှစတင်ပြီး နယ်ချဲ့တိုက်ပွဲ၊ နယ်ချဲ့ခံတပ်အဆောက်အဦကြီးဖြစ်လာခဲ့သည်။ ၁၃၀၀ ပြည့်နှစ်အရေးတော်ပုံမှ အင်္ဂလိပ်တို့အား လက်နက်နှင့်တိုက်ခိုက်နှင်ထုတ်မှုအထိအရှိန်အဟုန်ပြင်းထန်ခဲ့သဖြင့် လွတ်လပ်ရေး တိုက်ပွဲများ၏ အောင်ဗိမာန်ကြီးအဖြစ်မြန်မာတစ်မျိုးသားလုံးက ဂုဏ်ယူခဲ့ကြသည်။ ဗိုလ်နေ၀င်းခေါင်းဆောင်သော စစ်အာဏာရှင် အစိုးရအများစုသည် တက္ကသိုလ်ကျောင်းသားဘ၀က တသက လှုပ်ရှားမှုများတွင် ပါဝင်ခြင်းမရှိခဲ့သလို၊ ပြည်သူလူထုက ကိုးစားသော ကျောင်းသားခေါင်းဆောင်များကို အမြဲမနာလို ဖြစ်နေခဲ့သည်။ ထို့ကြောင့် တကသကျောင်းသားလှုပ်ရှားရာဘူမိနက်သန်တကသအဆောက်အဦကြီးကို ဖြိုဖျက်ရန် အမြဲဆင်ကြံကြံရွယ်လျက်ရှိသည်။

ထို့နောက် ဇူလိုင်လ ၇ ရက်နေ့က ကျောင်းသားများကို ပစ်ခတ်သတ်ဖြတ်စဉ်က ကျောင်းသားခေါင်းဆောင်များ သေဆုံးခြင်းမရှိ၊ အချို့မှာ ဖမ်းဆီး၍ပင်မမိသေးဘဲ တကသ အဆောက်အဦ မျက်နှာကြက်တွင် ပုန်းအောင်းနေသည်ဟု သတင်းကို ဗိုလ်နေ၀င်းသိရှိသောအခါ တကသခေါင်းဆောင်မှန်သမျှကို သတ်ဖြတ်ရန်နှင့် တကသအဆောက်အဦကြီးကိုပါ ဇူလိုင်လ ၈ ရက်နေ့တွင် အပြီးအပြတ်ဖျက်ဆီးရန်အမိန့်ပေးခဲ့လေသည်။သမဂ္ဂရုံးကို ဖြိုဖျက်ပြီးနောက် ဗိုလ်နေ၀င်းဥက္ကဋ္ဌအဖြစ်ဆောင်ရွက်နေသော တော်လှန်ရေးကောင်စီက ``စည်းမဲ့
ကမ်းမဲ့ဘ၀ကိုပြင်ရမည့်တာဝန်သည် မိမိတို့အပေါ်ကျရောက်နေသဖြင့် တပ်မတော်၏အား တစ်စိတ်တစ်ဒေသကိုသုံး၍ ဖြေရှင်းလိုက်ရခြင်းဖြစ်သည်´´ဟုကြေညာခဲ့၏။ ထိုကြေညာချက်မှာ စစ်တပ်ကိုအံတုလျှင် ယခုထက်ကြီးမားသောလက်နက် အင်အားနှင့် ဖြေရှင်းမည်ဟုရာဇသံပေးသည့်သဘောသက်ဝင်၏။

ထို့ပြင်တကသအဆောက်အဦကို ဖျက်ဆီးပြီးနောက် ပြည်သူတို့အား အသံလွှင့်မိန့်ခွန်းပြောရာတွင် သူကသတ်ဖြတ်လိုက်သော ကျောင်းသားငယ်ကလေးများသည် လက်နက်ဟူ၍ အပ်တိုတစ်ချောင်းမှမရှိကြသည်ကိုသိပါလျက်နှင့် လက်နက်ကိုင်သူပုန်အဖွြဲံ့ကီးကိုရင်ဆိုင်နေသည့်သဖွယ်ပုံကြီးချဲ့၍ `ဓါးကိုဓါးချင်း၊ လှံကိုလှံချင်းရင်ဆိုင်ဖို့အသင့်ရှိပါတယ်´ ဟု
ဒေါသပုန်သံနှင့်အသံလွှင့်ပြောကြားခဲ့ပြန်သည်။ ဗိုလ်နေ၀င်းနှင့်စစ်ဗိုလ်တစ်စုသည် ဇူလိုင်လ ၇ ရက်နေ့က ကျောင်းသားများကို သတ်ဖြတ်မှုကြီးနှင့်နိုင်ငံက အမွန်အမြတ်ထားသည့်
တကသအဆောက်အဦကြီးကို ဗုံးခွဲဖျက်ဆီးမှုကြီးတို့ကို ဒေါသမွှန်ကာ စိတ်လိုက်မာန်ပါ ကျူးလွန်ခဲ့ခြင်းသည် သူ့အဖို့ ကြီးလေးသော ရာဇ၀တ်မှုကြီးဖြစ်သလို၊ စစ်တပ်အဖို့လည်း အမည်းစက်ကြီးဖြစ်နေသည်ကို စဉ်းစားမိလေသည်။ `နှံပြည်စုတ်ကို အမြောက်နှင့်ပစ်´ သလို ရာဇ၀င်ရိုင်းလုပ်ဆောင်ချက်ကို တစ်နေ့နေ့တင် လူထု၏ ဒဏ်ခတ်မည်ကို ကြောက်သွေးဖြာလာကြသည်။

မတရားကျူးလွန်ခဲ့သောရာဇ၀တ်မှုကြီးအတွက် တစိမ့်စိမ့်ကြောက်ဒူးတုန်လာကြသောအခါ တရားခံသည် မိမိမဟုတ်ပါ။ တစ်ဦးကိုတစ်ဦးက လက်ညှိုးထိုး၍ အပြစ်ဖို့ရင်း မိမိ၌ အပြစ်မရှိကြောင်းထုချေမှုများကို အကြိမ်ကြိမ် ပြုလုပ်ခဲ့ကြသည်။ တော်လှန်ရေးကောင်စီဥက္ကဋ္ဌကြီး ဗိုလ်ချုပ်ကြီးနေ၀င်းနှင့်ဒုတိယဥက္ကဋ္ဌ ဗိုလ်မှူးချုပ်အောင်ကြီးတို့သည် တစ်ဦးကို
တစ်ဦး တရားခံဖြစ်လေဟန် ဖေါ်ကောင်လုပ်ကြသည်မှာ ဗမာ့တပ်မတော်ကြီးထိပ်သီးစစ်သားရင့်မာကြီးများဖြစ်ကြသော်လည်း သာမန်ဓါးပြလူဆိုးဂိုဏ်းတစ်ခုမျှလောက်ပင် ညီညွတ်မှုမရှိ။ အမှားကိုဝန်ခံရန်သတ္တိမရှိ၊ သူရဲဘောကြောင်သူများသာ ဖြစ်ကြောင်းပေါ်လွင်နေပေသည်။

ထိုစဉ်က ဒုတိယကာကွယ်ရေးဦးစီးချုပ်ဖြစ်သူ ဗိုလ်အောင်ကြီးက `တကယ်အမိန့်ပေးတဲ့စာယူလာပြီး၊ မရမ်းကုန်း ကိုပေးလာသူက ဗိုလ်သန်းစိန်ဖြစ်ပါတယ်။ သမဂ္ဂဖြိုဖို့ဒိုင်းနမိုက်တွေကို အင်ဂျင်နီယာတပ်ခွဲကိုမှာယူခဲ့ပါတယ်။ အဲဒီမှာမလုံလောက်လို့ ပင်မစစ်ပစ္စည်းသိုလှောင်ရေးမှာ သွားယူခိုင်းသူဟာ ဗိုလ်ကျော်စိုးပါ။ စီအိုဒီတပ်မှူး ဗိုလ်ဝင်းကိုလိုက်ရှာပြီး၊ အင်းတိုင်ကိုသွားရောက်ယူရတာပါ။ ခွဲဖို့အမိန့်ပေးသူတွေကတော့ ပြည်ထဲရေးဝန်ကြီးနဲ့ လုံခြုံရေး ကောင်စီဥက္ကဋ္ဌဗိုလ်ကျော်စိုးဖြစ်ပါတယ်။ တကယ်ဒိုင်းနမိုက်တွေဆင်ရတဲ့သူက
အင်ဂျင်နီယာတပ်က ဗိုလ်မှူးထွန်းရီ ဖြစ်ပါတယ်။ အားလုံးဒိုင်းနမိုက်တွေဆင်ရတာဟာ ဇူလိုင်လ ၈ ရက်နေ့ နံနက်လင်းအားကြီးမှဖြစ်ပါတယ်။ လက်မှတ်ထိုးမည့်သူ အရာရှိကြီးကြီးမားမားမရှိလို့ ပြဿနာတက်နေတုန်း လမ်းလျှောက်ရင်းရောက်လာတာက ဗိုလ်မှူးကြီးသူရမင်းသိန်း ဖြစ်ပါတယ်။ သူက၀င်ပြီး ခွဲဖို့အမိန့် လက်မှတ်ရေးထိုးပေးဖို့ ဗိုလ်ထွန်းရီက ပြောလို့ သူကလက်မှတ်ရေးထိုးပြီး ဒိုင်းနမိုက် ခွဲတာဖြစ်ပါတယ်။´

`ကျွန်တော်ဟာ ဗိုလ်မှူးကြီးလှဟန်နဲ့ ဗိုလ်ချုပ် (နေ၀င်း) အိမ်လိုက်အသွား ပါမောက္ခဆရာကြီး ဦးကာကို ဗိုလ်လှဟန်က သမဂ္ဂဖြိုဖို့အမိန့်ရတယ်လို့ပြောတာ ထပ်ကြားရတော့အရဲစွန့်ပြီး ဗိုလ်ကျော်စိုးရှိရာ အသံလွှင့်ရုံကို တယ်လီဖုန်း ဆက်ပြီး၊ အဲဒီကိစ္စကိုရပ်ထားပေးပါ။ ဗိုလ်ချုပ်ကိုကျွန်တော်ပြောပါ့မယ်ဆိုပြီး၊ ဟိုရောက်တော့လည်း ဘာမှမပြောဘဲ မလိမ့်တပတ်နည်းနဲ့ထားခဲ့ပါတယ်´လို့ ဗိုလ်မှူးအောင်ကြီးသည်သူ၏စာတမ်းတွင် ဝေ့လည်ကြောင်ပတ်ရေးသားဖြေရှင်း ထားလေသည်။

ဗိုလ်နေ၀င်းကလည်း တဖန် အကြိမ်ကြိမ်ထိုကိစ္စကို ဖြေရှင်းပြသည်။ သူ၏နောက်ဆုံးနေ့လူထက လက်မခံတော့ သဖြင့် မဆလဥက္ကဋ္ဌကြီးရာထူးမှထွက်ပေးရသော ၁၉၈၈ ခု၊ ဇူလိုင်လ ၂၃ ရက် အရေးပေါ်ပါတီညီလာခံတွင် -`အခုပြည်မှာဖြစ်ပျက်ခဲ့တဲ့ အရေးအခင်းဟာ ၁၆ ရက်နေ့ကစပြီး၊ ၁၇ ရက်နေ့မှာ ကျွန်တော်တို့ သိရပါတယ်။ ၁၇ရက်နေ့သိပြီးတဲ့နောက်မှာ ရဲတို့၊ ကောင်စီတို့နဲ့ပဲ ထိန်းလို့နိုင်လိမ့်မယ်လို့ထင်တယ်။ မျှော်လင့်ခဲ့တယ်။ စောစောက ကျွန်တော်ပြောခဲ့တဲ့သွေးထွက်သံယိုတွေမဖြစ်အောင်ဆိုတဲ့အထဲမှာ တပ်မတော်ကို ဟိုအဝေးအဖွဲ့ကလေး လည်းသုံး၊ဒီအသေးအဖွဲ့ကလေးလည်းသုံးဆိုတာမျိုးမဖြစ်ရအောင် တကယ်လိုတဲ့အခါမှာသုံးဆိုပြီးတော့ ကျွန်တော်မသိဘဲနဲ့ တပ်မတော်ကိုမသုံးပါနဲ့၊ ကျွန်တော် ပြောထားတယ်၊ အဲဒါကြောင့်မို့လို့ ပြည်မြို့ကိစ္စဟာအေးမသွားဘဲနဲ့ ရောင့်တက်လာကြ တယ်။ ဒါကြောင့်မို့လို့ မနေ့ကတော့ ကိုင်း -စစ်တပ်ဝင်ပေတော့ဆိုပြီးတော့ ကျွန်တော် ခွင့်ပြုလိုက်တယ်။ အဲဒီတော့ စောစောက ကျွန်တော်ပြောထားတာရှိတယ်။ ကျွန်တော်နိုင်ငံရေးက အနားယူတော့မယ်။ အနားယူတော့မယ်ဆိုပေမယ့်လို့ နောင်အဖွဲ့အစည်းတွေ တာဝန်အပြည့်ကွပ်ကဲနိုင်တဲ့အထိတော့ ကျွန်တော်တို့နိုင်ငံကို မပျက်စီးရအောင်၊ ကသောင်းကနင်း မဖြစ်ရအောင် ဆက်ထိန်းရပါလိမ်မယ်။ အဲဒီထိန်းတဲ့အထဲမှာ တိုင်းပြည်တစ်ပြည်လုံး လူထုကိုကျွန်တော်သိစေချင်တယ်။ နောင်ကို လူစုလူဝေးနဲ့ ဆူဆူပူပူလုပ်လို့ရှိရင်တော့ စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင်ပစ်တယ်၊ မိုးပေါ်ထောင်ပြီး ခြောက်တာ မပါဘူး။ အဲဒီတော့ နောင်ကို ဆူဆူပူပူလုပ်မယ်ဆိုရင်တော့ စစ်တပ်ကိုသုံးလို့ရှိရင်တော့ အဲဒါဆူတဲ့လူတွေမသက်သာဘူးသာ မှတ်ပေတော့လို့ ကျွန်တော်ဒီကနေပြောပါတယ်။

လူစုလူဝေးရှေ့မှာ ကျွန်တော်စကားပြောတာ ယခုအကြိမ်ဟာနောက်ဆုံးအကြိမ်ဖြစ်နိုင်တာမို့ ညီလာခံနဲ့ပတ်သက်သည့်အချက်အလက်တွေ တင်ပြပြီးတဲ့နောက် ကျောင်းသားများ ကျွန်တော်နှင့် တော်လှန်ရေးကောင်စီတစ်ဖွဲ့လုံးအပေါ်အထင်လွဲနေသည့်အဖြစ်အပျက်တစ်ခုကို တင်ပြပါရစေ။ တက္ကသိုလ်သမဂ္ဂအဆောက်အဦကို ၁၉၆၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့နံနက်တွင်ဖောက်ခွဲဖျက်ဆီးခဲ့သည်ကို အများသိပြီးဖြစ်ပါတယ်။ ပထမ ဇူလိုင်လ ၇ ရက်နေ့ညနေ ကျွန်တော်ဆောင်ရွက်သည့်အပိုင်းကိုဖေါ်ပြမှ ထိုနေ့က အဖြစ်အပျက်များ အကြောင်းပြည့်စုံမည်ဖြစ်၍ ဖေါ်ပြပါမည်။ ထိုနေ့ညနေ ၅ နာရီခန့်တွင် သေနတ်ပစ်သံကြား၍ ကျွန်တော်က တယ်လီဖုန်းဖြင့် ဗိုလ်ကျော်စိုးကို အခြေအနေမေးရာ ဆရာကြီး ဦးကာတို့ မိသားစုအား ဘေးကင်းသည့်နေရာသို့ပို့ထားပြီးဖြစ်ကြောင်း၊ ကျောင်းသားအချို့နဲ့ ရဲ ၈ ဦး၊ ၉ ဦး ခန့် ဒဏ်ရာရကြောင်းပြန်ပြောပါတယ်။

ဆူပူသူကျောင်းသားခေါင်းဆောင်များကိုမမိသေးကြောင်း၊ သမဂ္ဂအဆောက်အဦ အတွင်းတွင် အချို့ရှိကြောင်းပြောသဖြင့် ကျွန်တော်က ရဲများ၊ တပ်မတော်သားများ နောက်ထပ် အနာတရ မရှိရအောင် အောက်ပါအတိုင်း ဆောင်ရွက်ရန်အကြံပေးညွှန်ကြားပါသည်။

(က) သမဂ္ဂအဆောက်အဦအတွင်းရှိသူများကို အဆောက်အဦမှထွက်ကာ အဖမ်းခံရန်အသံချဲ့စက်ဖြင့် ပြောရန်၊ ထွက်မလာပါက
လက်နက်ကြီးများသုံးမည်ဆိုသည့်အချက်ထည့်ပြောရန်။

(ခ) အသာတကြည်ထွက်၍အဖမ်းမခံပါက (ရီကွိုင်းလက်ဂန်း) ဖြင့် ပစ်ဖမ်းရန်၊ လိုအပ်ပါက (ရီကွိုင်းလက် ဂန်း) သုံးရန်။
အထက်ပါအချက်တို့ကို မမှောင်ခင်ပြီးအောင်ဆောင်ရွက်ရန်လို့ဖြစ်ပါတယ်။

ဒီနေရာမှာ အရေးကြီးတာကို ကျွန်တော်ပြောပါ့မယ်။ ထိုဖောက်ခွဲဖျက်ဆီးရန်အတွက် ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း တို့တွင် ကျွန်တော်နဲ့ တော်လှန်ရေးကောင်စီဝင်အချို့တို့မပါခဲ့ပါ။ ဇူလိုင်လ ၈ ရက်နေ့နံနက်တွင် ဗုံးကြီးကြီးတစ်လုံးပေါက်ကွဲသကဲ့သို့ အလွန်ပြင်းထန်သောမြည်ဟည်းသံကြီးကြားသဖြင့် စုံစမ်းတော့မှ သမဂ္ဂအဆောက်အဦကို ဒိုင်းနမိုက်တို့နဲ့ဖျက်ဆီး လိုက်ကြောင်း ကျွန်တော်သိရပါတယ်။ အခြားတော်လှန်ရေးကောင်စီဝင်အတော်များများလည်း ထိုပေါက်ကွဲသံကြားပြီးမှ သိကြရပါတယ်။ သို့သော်အသံလွှင့်ရုံတွင် တော်လှန်ရေး ကောင်စီဝင်အချို့တို့ဖြင့် ဖွဲ့စည်းထားသောလုံခြုံရေးကောင်စီဝင် အားလုံးနှင့် လုံခြုံရေးတာဝန်ယူရသော လုံခြုံရေးကောင်စီဥက္ကဋ္ဌ ဗိုလ်မှူးကြီးကျော်စိုး ကောင်စီဝင်အားလုံးနှင့် လုံခြုံရေးတာဝန် ယူရသောအရာထမ်းများရောက်နေကြပါတယ်။ ထိုသူများမှာ လုံခြုံရေးကောင်စီဥက္ကဋ္ဌ ဗိုလ်မှူးကြီးကျော်စိုး၊ ဗိုလ်မှူးကြီး လှဟန်၊ ဗိုလ်မှူးကြီးစောမြင့် (မှူးသမိန်)၊ ဗိုလ်မှူးကြီးဘနီ၊ အရာရှိများထဲမှ ထောက်လှမ်းရေးဗိုလ်မှူးကြီးမောင်လွင်၊ ရဲမင်းကြီးဦးဘအေးတို့ဖြစ်ပါတယ်။ ထိုသူတို့အပြင် အခြားလူတော်တော်များများလည်းရှိကြပါတယ်။ ထိုဇူလိုင်လ ၈ ရက်နေ့ သမဂ္ဂအဆောက်အဦကို ဖြိုလိုက်ကြောင်းသိပြီးနောက် ဗိုလ်ကျော်စိုးကိုခေါ်၍မေးရာ ၇ ရက်နေ့ ညနေက ကျွန်aတ်ာက သမဂ္ဂအတွင်းဝင်ရောက်နေသည့် ဆူပူသူခေါင်းဆောင်များကို ဖမ်းဆီးရာတွင် လိုအပ်လျှင် (ရီကွိုင်းလက်ဂန်း) ကိုသုံးနိုင်သည်ဆိုသည့်အချက်ကို သမဂ္ဂအဆောက်အဦအဖျက်ခိုင်းသည်ဟု ယူဆသဖြင့် ဖျက်လိုက်သည်ဟု ဖြေပါတယ်။ ဒီလိုဆိုရင်လည်း စုပေါင်းခေါင်းဆောင်မှုကျင့်သုံးတယ်လို့ လက်ခံထားခြင်းကြောင့် တော်လှန်ရေးခေါင်းဆောင်အနေဖြင့် ဓါးဓါးချင်း လှံလှံချင်းဆိုတဲ့ စကားလုံးများ ပါတဲ့ကြေညာချက်ကို အသံလွှင့်လိုက်ပါတယ်။

နောက်သုံးလေးလကြာပြီးသော် ကျွန်တော်က အရက်မူးမူးနဲ့ သမဂ္ဂအဆောက်အဦကိုဖျက်ဖို့ အမိန့်ပေးတယ်ဟု နိုင်ငံခြားသတင်းစာဆရာတို့ အသိုင်းအ၀ိုင်းတွင် ပြောဆိုနေတာကြားရလို့ ဗိုလ်ကျော်စိုးကို ကျွန်တော်အရက်မူးပြီး ဖျက်ဖို့ အမိန့်ပေးတယ်လို့ ကျွန်တော်တစ်ယောက်တည်းကို တရားခံလုပ်ထားတယ်။ အဲဒါကြောင့် ဇူလိုင်လ ၇ ရက်ကအဖြစ် အပျက်ကို ပြောပြခိုင်းပါတယ်။ အဲဒီတော့မှ ဗိုလ်ကျော်စိုးက အဖြစ်အပျက်အမှန်ကို ပြောပြပါတော့မယ်။ အရင်က တော်လှန်ရေးကောင်စီတက်ခါစတွင် စိတ်ဝမ်းကွဲနေကြတာ မပေါ်အောင်လို့ ဖုံးဖုံးဖိဖိ ဖြေခဲ့ခြင်းဖြစ်ပါတယ်။ အဖြစ်အပျက် အမှန်မှာ ထို ၇ ရက်နေ့က အသံလွှင့်ရုံရှိလူစုထဲမှ တစ်ဦးတစ်ယောက်က ဒီသမဂ္ဂအဆောက်အဦကြီးဟာ သူပုန်ဌာနချုပ် ဖြစ်နေတယ်။ ဖျက်ပစ်လျှင်ကောင်းမယ်လို့စပြောရာမှ ဖျက်သင့်၊ မဖျက်သင့်ဆွေးနွေးကြပါတယ်။ နောက်ဆုံး ဗိုလ်ချုပ် (နေ၀င်း)ကို အသိပေးပြီး၊ ဗိုလ်ချုပ်သဘောတူလျှင် ဖျက်မယ်လို့ဆုံးဖြတ်ကြပါတယ်။ ထိုစဉ် ဗိုလ်အောင်ကြီးက ဗိုလ်ချုပ်ထံ သူသွားပြီးတင်ပြမယ်။သဘောတူမတူအဖြေယူခဲ့မယ်ပြောပြီး၊ ကိုလှဟန်ကိုခေါ်၍ကားဖြင့် ထွက်သွားပါတယ်။ ထို့နောက် ဗိုလ်အောင်ကြီးအသံလွှင့်ရုံသို့ပြန်လာပြီး၊ ဗိုလ်ချုပ်က သဘောတူလိုက်ပြီဟုပြောသဖြင့် အသံလွှင့်ရုံရှိလူသိုက်တို့ သမဂ္ဂအဆောက်အဦကို ဖျက်ဖို့ပစ္စည်းများစုပြီး ဖျက်လိုက်ပါတယ်။ ထိုအဖြေကိုရပြီးနောက် ဗိုလ်အောင်ကြီးမပါဘဲ ကျန်တော်လှန်ရေးကောင်စီဝင်များကိုခေါ်၍ ဗိုလ်အောင်ကြီး ကျွန်တော့်ကိုမတင်ပြဘဲ အသံလွှင်ရုံရှိလူသိုက်ကို ကျွန်တော် သဘောတူလိုက်ပြီလို့ ပြောတဲ့အကြောင်းကို တင်ပြခဲ့ပါတယ်။

ထိုအကြောင်းမှန်ကိုသိပြီးနောက် ဗိုလ်အောင်ကြီးကို ကျွန်တော့်ရဲ့ရုံးခန်းသို့ခေါ်၍ သမဂ္ဂအဆောက်အဦဖျက်ရန် ကျွန်တော်သဘောတူတယ်လို့ပြောတာကို ကိုယ်သိပြီးပြီ၊ အဲဒီတော့ ကိုယ့်လူခေါင်းဆောင်လုပ်ချင်ရင်၊ ခေါင်းဆောင်နိုင် မယ်ထင်ရင် ကိုယ်ထွက်ပေးမယ်။ ကိုယ်ထွက်ရမလား၊ ကိုယ်လူထွက်ရမလား၊ ဆုံးဖြတ်ပေတော့ဟု ကျွန်တော်ကပြောရာ သူထွက်ပါမယ်ဆိုပြီး သူ့အခန်းပြန်သွားကာ ထွက်စာတင်ခဲ့ပါတယ်။

ကျွန်တော်တင်ပြတာကို မှန်ကြောင်းသက်သေအထောက်အထားများတင်ပြပါမယ်။ ပထမအထောက်အထား ဗိုလ်ချုပ်အောင်ကြီး ၁၉၈၈ ခု၊ မေလ ၉ ရက်နေ့စွဲဖြင့် ရေးသည့် စာတမ်းစာမျက်နှာ ၂၄ ဒုတိယစာကြောင်းမှစ၍ပါသော တရားခံဖြစ်ရတဲ့ ဗိုလ်အောင်ကြီးဆိုသူဟာ ဗိုလ်မှူးကြီးလှဟန်နဲ့ ဗိုလ်ချုပ်အိမ်လိုက်အသွား ပါမောက္ခချုပ်ဆရာကြီး ဦးကာ ခေတ္တရွှေ့နေတဲ့ အင်းလျားကန်ဟိုတယ်နားက တစ်ထပ်တိုက်ကလေးမှာ ဆရာကြီးဦးကာကို ဦးလှဟန်က သမဂ္ဂ ကိုလည်း ဖြိုဖို့အမိန့်ရတယ်လို့ပြောတာထပ်ကြားရတော့ အရဲစွန့်ပြီး
ဗိုလ်ကျော်စိုးရှိရာ အသံလွင့်ရုံကို တယ်လီဖုန်းဆက်ပြီး အဲဒီကိစ္စကိုရပ်ထားပေးပါ။ ဗိုလ်ချုပ်ကို ကျွန်တော်ပြောပါ့မယ်ဆိုပြီး၊ ဟိုရောက်တော့လည်း ဗိုလ်ချုပ်ကို ဘာမှမပြောဘဲ မလိမ့်တပတ်နည်းနဲ့ ထားခဲ့သူဖြစ်ပါတယ်ဆိုတဲ့အချက်၊ ဒါသူရေးထားတဲ့အထဲက ဒါပထမအချက်။ သက်သေခံဒုတိယ သက်သေအထောက်အထားက ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ သက်ဆိုင်ရာပုဂ္ဂိုလ်တွေကိုခေါ်ပြီး၊ သူတို့သိတာတွေကို အမှန်အတိုင်းရေးကြပါလို့ပြောတဲ့အခါကျတော့ ဗိုလ်မှူးကြီးလှဟန်တင်ပြတဲ့စာတမ်းထဲမှာ အဲဒီသူ့စာလေး ကျွန်တော့် ဆီမှာရှိပါတယ်။ အဲ သူတင်တဲ့စာတမ်း၊ စာမျက်နှာ ၅ စာကြောင်းရေ ၄ မှာ ထိုအချိန်ဗိုလ်ချုပ်အောင်ကြီးလည်း ရောက်လာပါတယ်။ သမဂ္ဂကိစ္စပြောတဲ့အခါ နေကြဦး၊ ကျွန်တော်ဗိုလ်ချုပ်ကြီးဆီသွားပြီး တင်ပြအမိန့်တောင်းမယ်လို့ပြောပြီး၊ ကျွန်တော့်အားခေါ်ပြီးထွက်လာခဲ့ပါတယ်။ လမ်းတွင် ဗိုလ်မှူးကြီးတင်စိုးအိမ်တွင်ရှိသော ဆရာကြီးဦးကာထံဝင်၍ သတင်းမေးပါတယ်။ သေဆုံးသူ၊ ဒဏ်ရာရသူကျောင်းသားများအရေအတွက်လည်းပြောခဲ့ပါတယ်။

အဲဒီအချိန်မှာ ကျွန်တော်က ဆရာကြီးကို သမဂ္ဂအဆောက်အဦကို ဖျက်မယ်ဆိုတဲ့အကြောင်းပြောခဲ့ပါသေး တယ်။ ထို့နောက် ကျွန်တော်တို့နှစ်ဦး ဗိုလ်ချုပ်ကြီးထံဆက်လက်သွားပါတယ်။ ဗိုလ်ချုပ်နဲ့တွေ့တဲ့အခါ ဗိုလ်ချုပ်အောင်ကြီး က အခြေအနေများတင်ပြပါတယ်။ တင်ပြရာတွင် သမဂ္ဂအဆောက်အဦကိစ္စမပါပါ။ ပြန်ရန်ကားပေါ်တက်ပါတယ်။ ကားပေါ်ရောက်တော့ ကျွန်တော်က ဗိုလ်ချုပ် ဟိုကိစ္စမပြောရသေးဘူးလို့ သတိပေးပါတယ်။ ဗိုလ်ချုပ်အောင်ကြီးက နေပါစေလို့ပြောသဖြင့် ကျွန်တော်လည်း ဘာမှမပြောဘဲ ဆိတ်ဆိတ်နေလိုက်ပါတယ်။ အသံလွှင့်ရုံသို့ပြန်ရောက်သောအခါ ဗိုလ်ချုပ်အောင်ကြီးက ဗိုလ်မှူးကြီးကျော်စိုးအား (အိုကေ) ဟုပြောလိုက်သည်ကိုကြားရပါတယ်။ ဆိုတဲ့အချက်တို့ဖြစ်ပါတယ်။ အဲဒီတော့ ဒီအချက် အလက်တွေဟာ ကျွန်တော်စောစောကပြောခဲ့တဲ့ ကျွန်တော်မသိဘဲနဲ့ ကျွန်တော်သိလေဟန်၊ ကျွန်တော်ခိုင်းလေဟန်၊ တခြားလူတွေကို ပြောလို့ ကျွန်တော်သဘောတူပြီဆိုပြီး၊ တခြားလူတေကဖျက်လိုက်တာအဲဒီတော့အထက်က အချက်တွေကိုလေ့လာပြီးတော့ သမဂ္ဂအဆောက်အဦကိုဖျက်တဲ့ကိစ္စမှာ မည်သူတရာခံအစစ် ဖြစ်တယ်ဆိုတာကို လူထုတစ်ရပ်လုံးက မိမိတို့ဖာသာ ဆုံးဖြတ်ကြပါတော့လို့ တင်ပြရန် စကားပြောခြင်းကို အဆုံးသတ်လိုက်ပါတယ် ဟု ဗိုလ်နေ၀င်းက တိုင်းပြည်သို့ရှင်းပြခဲ့လေသည်။

ဗိုလ်နေ၀င်း၏နောက်ဆုံးနေ့ မျက်ဖြေလင်္ကာစာတမ်းကြီးမှာ ကာရန်မညီ၊ စာသားမချော မုသာဝါဒလိမ့်လုံးများသာဖြစ်လေသည်။

ဇူလိုင်လ ၇ ရက်နေ့သွေးချောင်းစီးလူသတ်ပွဲကြီးနှင့်ပတ်သက်၍-

(က) ဗိုလ်နေ၀င်းက စောစောကမသိ သေနတ်သံကြားမှသိရသည်ဟုဖြေရှင်းခြင်းသည် လိမ်ညာသောမုသားသာဖြစ် သည်။
ကျောင်းသားတို့ဟောပြောချက်ကို သူ့ထံသို့ကြိုးမဲ့အသံဖမ်းစက်ဖြင့် လွှင့်ပေးနေသောကြောင့် ကျောင်းသား များ၏အသံကို စိတ်ဆိုးကာ သတ်ဖြတ်ခွင့်အမိန့်ထုတ်ခဲ့သည်မှာ ဗိုလ်နေ၀င်းကိုယ်တိုင်ပင်ဖြစ်သည်။

(ခ) ထိုစဉ်က တပ်ဦးမှ ပစ်မိန့်ပေးရသူဗိုလ်စိန်လွင် (နောင်သမ္မတပြုတ်) က မိမိသည် ဗိုလ်နေ၀င်း၏အမိန့်အရ ပစ်မိန့်ပေးခဲ့ပါသည်ဟု မဆလပါတီပျက်သောအခါတွင် ဖြေရှင်းထုတ်ဖေါ်ခဲ့သည်။

(ဂ) ကျောင်းသားများလက်ချက်နှင့် ရဲ ၇ ဦး၊ ၈ ဦးဒဏ်ရာရရှိသည်ဟု ဗိုလ်နေ၀င်းကပြောသည်မှာလည်း လိမ်ညာသော မုသားသာဖြစ်သည်။
အဆောင်ဝင်းတံခါးမှန်သမျှကို ကျောင်းသားများက ပိတ်ထားခိုက် ပြင်ပရှိစစ်တပ်က ပစ်ခတ်သတ်ဖြတ်ချိန်တွင် တက္ကသိုလ်ပတ်ဝန်းကျင်တွင် ရဲတစ်ယောက်မှမရှိ။ ကျောင်းသားတို့က ရဲတို့အား ရန်ပြုရန်မဖြစ်နိုင်ချေ။

(ဃ) တကသဆောက်အဦမျက်နှာကြက်တွင် ကျောင်းသားခေါင်းဆောင်များကို သတ်ဖြတ်ရန်ဦးတည်ချက်ဖြင့် အဆောက်အဦးကြီးကို ဖျက်စေအမိန့်ပေးသူမှာ ဗိုလ်နေ၀င်းဖြစ်သည်။ မဖျက်ရန်ဟန့်တားလေဟန်ပြောသော ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်မှူးချုပ်အောင်ကြီးလည်း တာဝန်ရှိပေသည်။

(င) တသကကိုဖျက်စီးပြီး နောက်တစ်နေ့နံနက်တွင် ဘာကြောင့်ဖျက်ရသည်ဟု တော်လှန်ေ၇းကောင်စီ၏ကြေညာချက်တွင် တော်လှန်ရေးကောင်စီသည် စည်းမဲ့ကမ်းမဲ့ ဘ၀ကိုပြင်ရမည့် တာဝန်သည် မိမိတို့အပေါ်တွင် ကျရောက်နေသဖြင့် တပ်မတော်၏ အားတစ်စိတ်တစ်ဒေသကိုသုံး၍ဖြေရှင်းလိုက်ရခြင်းသည် ဟု သတင်းစာတို့မှ ရေးသားထုတ်ပြန်ချက်တို့ကို
လေ့လာ ကြည့်ပါက တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်နေ၀င်းက မိမိမသိပါ။ မိမိပါဝင် ခြင်းမရှိပါဟု ပြောသည်မှာ လယ်ပြင်တွင်ဆင်သွားသကဲ့သို့ ထင်ရှားနေသောမုသားသာဖြစ်ပါသည်။

(စ) ယခုဖြစ်ပျက်သည့်ကိစ္စသည် ကျောင်းသားကိစ္စတစ်ခုတည်းမဟုတ်ဘဲ၊ နိုင်ငံရေးအမှောင့်ပယောဂများဖမ်းစားတယ်ဆိုတာ ကျွန်တော်တို့ရိပ်စားမိပါတယ် ဟု ဗိုလ်နေ၀င်း၏သမဂ္ဂဖျက်ရကြောင်း ကိုယ်တိုင်အသံလွှင့်ချက်၌ ကျောင်းသားများနောက်ကွယ်မှ ဗကပတို့ ပါလေဟန်ပြောသည်မှာလည်း လိမ်ညာလီဆယ်ချက်ပင်ဖြစ်သည်။ ထိုအချိန်က ဗိုလ်နေ၀င်းက မြို့ပေါ်ရှိ လက်နက်ချဗကပများကို သိမ်းသွင်းကာ တောတွင်းရှိ ဗကပများ အလင်းဝင်ရန် စကားကမ်းလှမ်းနေချိန်ဖြစ်သည်။ ကျောင်းသားတို့လှုပ်ရှားမှုသည် ပြင်ပ ပယောဂမပါသည်ကို သိပါလျက် သတ်ဖြတ်မှုကြီးနှင့် ဖျက်ဆီးမှုကြီးကို လူထုကလက်ခံအောင် လီဆယ်ပြောဆိုချက်သာဖြစ်သည်။

(ဆ) ကျောင်းသားများအား သတ်ဖြတ်ပြီးနောက်၊ ကျွန်တော်တို့ကို အပြောဘ၀မှာနစ်မွန်းစေခြင်းအားဖြင့် အလုပ် ပျက်ကွက်အောင်ရည်စူးပြီး တမင်လုပ်နေကြတယ်ဆိုလျှင်တော့ ကျွန်တော်နောက်ထပ်ဘာမှ မပြာလိုတော့ပါဘူး။ အနည်းဆုံး ဓါးကို ဓါးချင်း၊ လှံကို လှံချင်း ရင်ဆိုင်ဖို့သာရှိပါတော့တယ်။ ဟု ပြောသည်မှာ ဒေသသံနှင့်တုန်ရီ နေသည်ကို ကြားရသူလူထုက သိရှိနားလည်ကြသည်။ ဗိုလ်နေ၀င်းရာထူးမှဆင်းပေးရသော ၈၈ ခုနစ်က `စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင်ပစ်တယ်၊ မိုးပေါ်ထောင်ပြီး ခြောက်တာမပါဘူး၊ နောင်ကို ဆူဆူပူပူလုပ်တဲ့သူ တွေ့တော့ မသက်သာဘူးလို့သာမှတ်ပေတော့´ ဟု ပြောသောမိန့်ခွန်းနှင့်တစ်သံတည်းဖြစ်သည်ကို လူထုက နောကြေနေပြီဖြစ်သည်။

(ည) ထိုစဉ်က လက်တွေကသတ်ဖြတ်ရုံမျှသာမက နှုတ်မှလည်း စစ်ကြေညာခဲ့ပါလျက် နောက်ပိုင်းမှ သူသတ်သည် ငါသတ်သည်၊ သူဖျက်သည် ငါဖျက်သည်ဟု တစ်ဦးအပေါ် တစ်ဦးလက်ညှိုးထိုး၍ ဖေါ်ကောင်လုပ်ကြစေကာမူ၊ ခေါင်းရှောင်စေကာမူ၊ ဗိုလ်နေ၀င်းသည် အဓိကတရားခံသာဖြစ်သည်ကို လူထုက မေ့မရနိုင်ပေ။

မည်သို့ဆိုစေ ယခုအခါ `ဆဲဗင်းဂျွန်လိုင်´ ခေါ် ဇူလိုင်လ ၇ ရက်နေ့ သွေးမြေကျခဲ့ရသော ကျောင်းသားအရေး တော်ပုံကြီးသည်ယခုအခါ ၄၅ နှစ်သို့ တိုင်ခဲ့ပြီးဖြစ်သော်လည်း လူထုတစ်ရပ်လုံးသည် ထို သွေးစွန်းခဲ့ရသော ဇူလိုင်လ ၇ ရက်နေ့ ကိုဦးနှောက်က မေ့ပျောက် သွား သည့်တိုင် နှလုံးသားက ဥဒါန်းမကျေ အစဉ်သတိရလျက် ရှိနေမည်မှာ မလွဲဧကန်ပင်တည်း။ ယခုအခါ၌လည်း ဗိုလ်နေ၀င်း၏ မျိုးဆက် သစ် လက်ပါးစေ စစ်အာဏာရှင်တို့သည် ဒီမိုကရေစီအရေးတော်ပုံကြိးအောင်မြင်ရေးအတွက် ရုန်းကန်တိုက်ပွဲနေသော ရဟန်းရှင်လူ၊ ကျောင်းသားများပါဝင်သည့် ပြည်သူလူထုတစ်ရပ်လုံးအား နည်းမျိုးစုံဖြင့် ဖြိုခွင်းရန် ဆင်ကြံကြံလျက်ရှိရာ တော်လှန်ရေး သတိ အစဉ်ရှိ စေရန် တပ်လှန့် နှိုးဆော်လိုက်ရပါသည်။

ဒီမိုကရေစီအရေးတော်ပြုံကီးလုံးဝ (လုံးဝ) အောင်ရမည်။

မမေ့နိုင် 7 JULY

7 July အထိမ်းအမှတ် အခမ်းအနားကျင်းပ (တိုကျို - ဂျပန်)

ယနေ့ မနက် ( ၉း၀၀မှ၁၂း၀၀)အထိ Takadanobaba Shiheseigatsu Center မှာ 7 July အထိမ်းအမှတ် အခမ်းအနားကို ကျောင်းသားဟောင်းများ။ပြည်ပရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများ တက်ရောက်ကျင်းပခဲ့သည်။

(ကျောင်းသားရှိလျှင် ကျောင်းသားသမဂ္ဂရှိရမည်)

7 July စိတ်ဓါတ် အဓွန့်ရှည်ပါစေ ....
ဗီဒီယို။ ။ အလင်းအိမ်

ဘန်ကီမွန်းခရီးစဉ် ထူးခြားတဲ့အောင်မြင်မှု မရှိ

ဘန်ကောက်မြို့ သုဝဏ္ဏဘူမိ လေဆိပ် သတင်းစာရှင်းလင်းပွဲမှာ ဘန်ကီမွန်းက ပြောခဲ့တာက - ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပြုဖို့ တောင်းဆိုတာကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ငြင်းပယ်လိုက်တဲ့အတွက် သူ့အနေနဲ့ အလွန်အမင်း ကို စိတ်ပျက်မိတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ခွင့်ပြုတာဟာ အစိုးရက ကျင်းပမယ်လို့ စီစဉ်ထားတဲ့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွေကို အများယုံကြည် လက်ခံမှု ရှိဖို့ဆိုရင် အစိုးရက အဓိပ္ပါယ် ရှိတဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်နေတယ်၊ ဒီလိုလုပ်ချင်ပါတယ် ဆိုတာကို ပြသတဲ့ အရေးကြီးတဲ့ လက္ခဏာတခု ဖြစ်ပါလိမ့်မယ်တဲ့။ နိုင်ငံရေးအရ ပွင့်လင်းမှုရှိတဲ့ ခေတ်သစ်တခုကို သွားနေတယ် ဆိုတဲ့ အစိုးရရဲ့ သန္နိဌာန် ခိုင်မာမှုကို ပြသဖို့ မြန်မာအစိုးရဟာ အခွင့်အလမ်းကောင်းတခု ယူဖို့ လက်လွတ်သွားတယ် လို့ ယုံကြည်ကြောင်း ပြောပါတယ်။ ဒီ သူ့ရဲ့ ခရီးစဉ်ကနေ တဆင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ စိုးရိမ်ချက်တွေကို မြန်မာစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကို သူ တိုက်ရိုက်နဲ့ ပွင့်ပွင့်လင်းလင်း ပြောနိုင်ခဲ့တယ်လို့လည်း သူက ပြောသွားပါတယ်

“We Are The World” ဆိုတဲ့ မိုက်ကယ်ဂျက်ဆင်ရဲ့  သီချင်း


ရုတ်တရက် ကွယ်လွန်သွားတဲ့ ကမ္ဘာကျော် ပေါ့ပ်ဘုရင် (King of Pop) ဖြစ်တဲ့ မိုက်ကယ်ဂျက်ဆင် (Michael Jackson) ရဲ့  အနုပညာအမှတ်တရ

“We Are The World” ဆိုတဲ့ သီချင်းနဲ့  အတူ မြန်မာ့အရေးကို မြန်မာပြည်သူတွေ လွတ်မြောက်ရေးအတွက် ဒီထက်ပိုပြီး တက်တက်ကြွကြွနဲ့  ဆောင်ရွက်နိုင်ကြပါစေ။

Saturday, July 4, 2009

ယတြာ သန်းရွှေ (သို့) သေခါနီး ရိုးထုတ်ခြင်း


ဓာတ်ပုံ - ဇူလိုင်၂ ရက်နေ့ထုတ် ကြေးမုံသတင်းစာ စာမျက်နှာ ၉ မှ

ဘာတွေ ထွင်ပြန်ပြီလဲ။ ယောင်္ကျားလေးတွေမှာ အလှူအတန်းလုပ်ရင် တိုက်ပုံအဖြူကို ၀တ်ကြတယ်။ သူ့ကျတော့ ဘာကိစ္စ အ၀တ်ဖြူကြီးကို အောက်မှာပတ်ထားလဲမသိဘူး။ ယတြာလား ဒါမှမဟုတ် ဘောင်းဘီပဲ ဂွပြဲသွားလို့လား ? လုပ်ပုံကတော့ကွာ ... အင်း ... သေခါနီး ရှိုးထုတ်နေတာဖြစ်မှာပါ။

ကိုချမ်းမြစိုး

http://www.dawnmanhon.com/သို့လိပ်စာပြောင်းပါမည်။

လာရောက်အားပေးဖတ်ရူသော လေးစားအပ်သောညီအကို မောင်နှမများအား အသိပေးလိုပါသည်။ ကျနော်၏ဘလောက်မှာ domain http://www.dawnmanhon.co.cc / အား

မကြာမှီအချိန်အတွင်း http://www.dawnmanhon.com/ သို့ လိပ်စာပြောင်းတော့မည်ဖြစ်ကြောင်းအသိပေးအပ်ပါသည်။

လေးစားစွာဖြင့်
thanhtut88

ဦးတိုက်နေတာလား..ရူးမိုက်နေတာလား

ဒေါ်အောင်ဆန်းစုကြည်နဲ့ ကုလအတွင်းရေးမှူးချုပ် တွေ့ဆုံဖို့ စစ်အစိုးရ ခွင့်မပြု


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ရုံးတင်တရားစွဲဆိုခံနေရသူ ဖြစ်တဲ့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) နဲ့ တွေ့ဆုံခွင့် မပေးနိုင်ဘူးလို့ မြန်မာစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ငြင်းပယ်ထားပါတယ်။ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကတော့ စစ်အစိုးရဘက်က တုန့်ပြန်ချက်ကို စောင့်နေတယ်လို့ ပြောပါတယ်။

ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်း ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေကို နေပြည်တော်မှာ တွေ့ဆုံခဲ့ပါတယ်။

ထောင်ထဲမှာ ချုပ်နှောင်ခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ ကျနော် တွေ့ဆုံချင်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် သူက ဒေါ်အောင်ဆန်းစုကြည်ဟာ တရားစွဲခံနေဆဲလို့ ပြောပါတယ်။ ကျနော်က ဒါဟာ ကျနော့ဘက်က အဆိုပြုချက်ဖြစ်တယ်။ ဒီကိစ္စ အရေးကြီးတယ် ဆိုတာ ပြောခဲ့ပါတယ်။ အခုသူတို့ဘက်က ဘယ်လို စဉ်းစား တုန့်ပြန်မလဲဆိုတာ ကျနော်စောင့်နေပါတယ်လို့ ပြောဆိုသွားပါတယ်။ (voa)

Current world times
Burma (Rangoon) USA (Los Angeles) Australia (Canberra) Japan (Tokyo) Russia (Moscow)