Saturday, January 10, 2009

ကံကောင်းလို့မသေတဲ့ စီရော်နယ်လ်ဒို


မန်ချက်စတာယူနိုက်တက် ကြယ်ပွင့်ကစားသမား ခရစ်စတီယာနို ရော်နယ်လ်ဒိုမှာ ဇန်န၀ါရီလ (၈)ရက်နေ့က ဖြစ်ပွားခဲ့သော ယာဉ်တိုက်မှုအတွက် ရဲများ၏ စုံစမ်းစစ်ဆေးမှုကို ခံယူရဖွယ်ရှိနေသည်။ အသက်(၂၃)နှစ်ရှိ ပေါ်တူဂီလက်ရွေးစင် တောင်ပံတိုက်စစ်သမားသည် မန်ချက်စတာ လေဆိပ်အနီး ဥမင်တစ်ခုအတွင်း ဒေသစံတော်ချိန် မနက်(၁၀း၂၀)နာရီခန့်က ၎င်းမောင်းနှင်လာသော ပေါင်စတာလင် နှစ်သိန်းကျော်တန် ဖာရာရီပြိုင်ကားကို ဥမင်နံရံနှင့် တိုက်မိစေခဲ့ခြင်းဖြစ်သည်။ ရဲများ၏အဆိုအရ ရော်နယ်လ်ဒိုသည် ကားအား တစ်နာရီမိုင် (၂၀၀)နှုန်းအထိ အရှိန်တင် မောင်းနှင်ခဲ့ကြောင်း သိရှိရသည်။

ယာဉ်တိုက်မှုအတွင်း မန်ချက်စတာယူနိုက်တက် ကစားသမားမှာ ထိခိုက်မှု မရှိခဲ့သောကြောင့် အသင်းနည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်အနေနှင့် ရင်အေးစရာဖြစ်ခဲ့သည်။ လက်ရှိဥရောပ အကောင်းဆုံး ရွှေဘောလုံးဆုကို ရရှိထားပြီး ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုအတွက် ထိပ်ဆုံးမှ ရေပန်းစားနေသူ ရော်နယ်လ်ဒိုသည် မန်ချက်စတာ ယူနိုက်တက်တွင် တစ်ပါတ်လုပ်ခ စတာလင်ပေါင် တစ်သိန်းနှစ်သောင်းထိ ရရှိနေသူလည်းဖြစ်သည်။ ယာဉ်တိုက်မှုနှင့် စပ်လျဉ်းပြီး မန်ချက်စတာ ယူနိုက်တက်အသင်းနှင့် ကာယကံရှင်တို့က ထင်မြင်ချက် တစုံတရာ မပေးသေးသော်လည်း မန်ချက်စတာ ရဲတပ်ဖွဲ့ကမူ ဥပဒေကြောင်းအရ အရေးယူရန် စီစဉ်နေကြသည်။ရဲတပ်ဖွဲ့က ရော်နယ်လ်ဒို၏ ကားနောက်တွင် အသင်းဖော် ဒတ်ခ်ျလက်ရွေးစင် ဂိုးသမားကြီး အက်ဒွင်ဗန်ဒါဆား၏ ကားလည်း ကပ်ပါလာခဲ့ကြောင်း ပြောဆိုခဲ့ကြသည်။ ဗန်ဒါဆားက ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးသွားသော ကားဆီသို့ အပြေးသွားရောက်ကာ ရော်နယ်လ်ဒိုအား ဆွဲထုတ်ခဲ့ကြောင်း၊ သို့သော်လည်း ၎င်းအနေနှင့် သာမန်ပွန်းပဲ့မှုလေး အနည်းငယ်သာ ဖြစ်ခဲ့သဖြင့် စိတ်အေးခဲ့ရကြောင်း ပြန်လည်ပြောကြားခဲ့သည်။

ထိုအဖြစ်အပျက်ကြောင့် ရော်နယ်လ်ဒိုမှာ ကာရင်တန်ရှိ လေ့ကျင့်ရေးကွင်းသို့ အချိန်နောက်ကျမှ ရောက်ရှိလာနိုင်ခဲ့သည်။ ရော်နယ်လ်ဒိုအား တွေ့မြင်ခဲ့သည့် ကာရင်တန်ကွင်းအနီး နေထိုင်သူတစ်ဦးက လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိလာချိန်အထိ ရော်နယ်လ်ဒိုမှာ ထိတ်လန့်မှု မပြေသေးဟန်ရှိကြောင်း ပြောဆိုသွားသည်။ ယခုအခါ ရဲများအနေနှင့် ယာဉ်တိုက်မှုအား အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်လျက်ရှိပြီး ရော်နယ်လ်ဒိုအနေနှင့် လိုင်စင်ပိတ်သိမ်း ခံရခြင်း၊ ဒဏ်ငွေချမှတ် ခံရခြင်းစသည့် ပြစ်ဒဏ်တခုခု ကျခံရဖွယ်ရှိကြောင်း သိရှိရသည်။

http://www.planet.com.mm/news/read.cfm/id/11592

No comments:

Current world times
Burma (Rangoon) USA (Los Angeles) Australia (Canberra) Japan (Tokyo) Russia (Moscow)