Friday, July 3, 2009

Semenyih Detention Camp တွင် ဆူပူမှုဖြစ်ပွား

ဇူလိုင်လ ၁-ရက်၊ ၂၀၀၉ ခုနှစ် ည ၉-နာရီဝန်းကျင်ခန့်တွင် မလေးရှားနိုင်ငံ၊ စမန်ညှင်းထိန်း သိမ်းရေးစခန်း (Semenyih Detention Camp) တွင် ဆူပူမှုဖြစ်ပွားကြောင်း သိရပါသည်။

ဖြစ်ပွားပုံမှာ- ဇွန်လ ၃၀-ရက်နေ့တွင် Camp အတွင်း နေမကောင်းသူများဆေးခန်းပြရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ ဆေးခန်းပြရာတွင် Camp ရှိ အဖမ်းခံထားရသောမြန်မာများမှ ဆေးခန်းပြရန်လူစာရင်းတင်ရာ နှစ်ယောက်ပိုသွားခဲ့သည်။ ထိုပိုသွားသောနှစ်ယောက်အား Camp အာဏာပိုင်များက ဆေးခန်းပြခွင့်မပြုသည့်အပြင် ရိုက်နှက်ခဲ့ပြီး ဆေးလိပ်မီးနှင့်ထိုးခဲ့သည်။ နေမကောင်းသောလူနာများအား ယင်းသို့နှိပ်စက်သည်ကို လက်မခံနိုင်သဖြင့် ကျန်သည့်မြန်မာများမှ ဇူလိုင်လ ၁-ရက်နေ့တွင် Camp အတွင်းနေ့စဉ်လုပ်ရသော တန်းစီရသည့်အလုပ်အားမလုပ်ဘဲ တနေကုန်ဆန္ဒပြခဲ့ကြသည်။

ည ၇-နာရီအချိန်ခန့်တွင် Camp အာဏာပိုင်များမှ အဆောင်တခုစီမှ မြန်မာအနည်းငယ်စီကို UNHCR မှ ကိုယ်စားလှယ်လာရောက်သည်ကိုတွေ့ဆုံရန်ဟု အကြောင်းပြကာ လာရောက်ခေါ်ဆောင်သွားပြီး အခန်းတံခါးပိတ်ကာ ရိုက်နှက်ခဲ့ကြသည်။ ထို့နောက် ပြန်လွှတ်ပေးမည်ဟု အကြောင်းပြကာ Camp ပြောင်းရန်စီစဉ်ခဲ့ကြသည်။ အရိုက်ခံရသောသူများအော်ဟစ်သံကြောင့် Camp တခုလုံးမှလူများသိရှိသွားပြီး ၀ိုင်းဝန်းအော်ဟစ်ကာ အဆောင်တံခါးများဖွင့်၍ ထွက်လာကြသဖြင့် ဆူပူမှုဖြစ်ပွားခဲ့သည်။

မီးသတ်ကားများ၊ အဓိကရုဏ်းနှိမ်နင်းရေးတပ်ဖွဲ့များ ၃၀၀-နီးပါးခန့်ရောက်လာကြပြီး Camp တခုလုံးဝိုင်းလိုက်ကြပြီးနောက် သေနတ်များပစ်ဖောက်ကာ လူစုခွဲခဲ့သဖြင့် အခြေအနေပြန်လည်ငြိမ်သက်သွားကြောင်း သိရပါသည်။ ရုန်းရင်းဆန်ခတ်ဖြစ်မှုကြောင့် ဒဏ်ရာအနည်းငယ်သာရရှိခဲ့ပြီး မည်သည့်ထိခိုက်ဒဏ်ရာရမှုမှ မရှိခဲ့ပေ။ အဆောင်များမှခေါ်ဆောင်သွားသော မြန်မာများမှာ ၃၀-ဦးရှိပြီး ၁၇-ဦးသာ အဆောင်သို့ပြန်လည်ရောက်ရှိလာပြီး ကျန်သည့် ၁၃-ဦးမှာ Camp ပြောင်းခံရကြောင်းသိရပါသည်။

စမန်ညှင်းထိန်းသိမ်းရေးစခန်းသည် Selangor ပြည်နယ်တွင် အကြီးဆုံးစခန်းတခုဖြစ်ပြီး အဆောင် ၅-ဆောင်ဖြင့်ဖွဲ့စည်းထားသည်။ လက်ရှိတွင် လူ ၂၀၀၀-နီးပါးခန့်ရှိနေပြီး ၄င်းတို့ ထဲမှ တ၀က်ကျော်မှာ မြန်မာလူမျိုးများဖြစ်ကြောင်း သိရပါသည်။

No comments:

Current world times
Burma (Rangoon) USA (Los Angeles) Australia (Canberra) Japan (Tokyo) Russia (Moscow)