Friday, July 10, 2009

‘’မြန်မာသည် အထီးကျန် မဟုတ်ပါ’’ (ဘန်ကီမွန်း၏ မိန့်ခွန်း ဘာသာပြန်)

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 08 ရက် 2009 ခုနှစ် 15 နာရီ 15 မိနစ်

(ကုလ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ မိန့်ခွန်း)

အစိုးရမဟုတ်သော အဖွဲ့အစည်းများ - NGO ၊ သံတမန်များ၊ ပြည်တွင်း သတင်းထောက်များ စုစုပေါင်း ၅ဝဝ ခန့် တက်ရောက်ခဲ့သည့် ရန်ကုန်မြို့ ဟံသာဝတီ မူးယစ် ဆေးဝါးပြတိုက်၌ ယခုလ ၄ ရက်နေ့တွင် ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲ၌ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံကို ဒေါက်တာ မောင်မောင်လှကြိုင်မှ ဘာသာပြန်ဆို ပေးပို့ခြင်း ဖြစ်ပါသည်။

ဂုဏ်သရေရှိ လူကြီးမင်းများ၊ ဧည့်သည်တော်များနှင့် ရောင်းရင်းမိတ်ဆွေများ ခင်ဗျား

ဒါဟာ တနှစ်ကျော်အတွင်း မြန်မာနိုင်ငံကို ဒုတိယအကြိမ်မြောက် လာရောက်ခြင်း ဖြစ်ပါတယ်။ နှစ်ကြိမ်စလုံးဟာ မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက် အရေးကြီးတဲ့ အချိန်များပင် ဖြစ်ပါတယ်။

ပထမ ကျနော် လာရောက်တဲ့အချိန်ဟာ နာဂစ်မုန်တိုင်း ဝင်ရောက်ပြီးချိန်အတွင်း ဖြစ်ပါတယ်။ ဒီ ကြောက်မက်ဘွယ် သဘာဝဘေးအန္တရာယ်ဟာ အသက်ပေါင်းများစွာကို ယူသွားခဲ့တယ်၊ ကြမ်းတမ်းတဲ့ အခြေအနေတွေကိုလဲ ဖန်တီးခဲ့တယ်၊ တကမ္ဘာလုံးရဲ့ နှလုံးသည်းပွတ်တွေကိုလဲ ခံစားရအောင် လှုပ်ကိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ လိုအပ်နေချိန်မှာ ကမ္ဘာက ရက်ရက်ရောရော တုံ့ပြန်ခဲ့ပါတယ်။

ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရန် ကြိုးပမ်းချက်ဖြစ်တဲ့ သင်တို့ရဲ့ ထင်ရှားတဲ့ ပံ့ပိုးကူညီမှုများအတွက် အားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ဒီနေ့ ဒီနေရာကနေ ပုဂ္ဂိုလ်ရေးအရ ကျနော် ပြောကြားလိုပါတယ်။

သင်တို့ဟာ အသက်ပေါင်းများစွာကို ကယ်ခဲ့ပါတယ်၊ လူ့အသိုင်းအဝိုင်းကို ပြန်လည်ရှင်သန်လန်းဆန်းစေပါတယ်၊ ထောင်ပေါင်းများစွာသော ပြည်သူတွေကို သူတို့ရဲ့ နေထိုင်မှုဘဝများအား ပြန်လည်အသက်ဆက်စေနိုင်ခဲ့ပါတယ်။

ဂုဏ်သရေရှိ လူကြီးမင်းများ ခင်ဗျား

အာရှတိုက်သားတယောက်အနေနဲ့ရော အထွေထွေအတွင်းရေးမှူးချုပ်အနေနဲ့ပါ နာဂစ်မုန်တိုင်းဒဏ်ကို ကြေကွဲစွာ ခံစားရမိပါတယ်။

ကျနော်ဟာ အာရှတိုက်ရဲ့ ဒုတိယမြောက် အထွေထွေအတွင်းရေးမှူးချုပ်ပါ။ ပထမမြောက် ပုဂ္ဂိုလ်ကတော့ မြန်မာနိုင်ငံသား ဦးသန့်ပါ။ သူ့ရဲ့ မှတ်ဉာဏ်ကို ကျနော် မြတ်နိုးကြည်ညိုပါတယ်။ သူရဲ့ ပညာရှိစကားကိုလဲ အမှတ်ရပါတယ်။

ဦးသန့်က ဆိုမိန့်ခဲ့ပါတယ်။ “လူသားတဦးချင်းစီရဲ့ တန်ဖိုးဟာ ကျနော်တို့ရဲ့ အဖိုးတန် ပိုင်ဆိုင်မှုတွေအနက် အလွန်ထူးခြားပြီး အလွန်တန်ဖိုးရှိလှပါတယ်။ အစိုးရများ၊ စံနစ်များ၊ အတွေးအခေါ်များနဲ့ အသင်းအပင်း၊ အဖွဲ့အစည်းများ ဝင်လိုက် ထွက်လိုက်နဲ့ ဖြစ်နေပေမင့် လူသားဂုဏ်ရည်ကတော့ ဆက်လက်တည်ရှိနေမှာပါ” တဲ့။

ဒါကြောင့် ကျနော် ပြန်လာခဲ့တာဖြစ်ပါတယ်။

အထွေထွေ အတွင်းရေးမှူးချုပ်အနေနဲ့ သူတို့ရဲ့ တရားဝင်ဆန္ဒပြင်းပြမှုများ ရရှိစေနိုင်ရန်အတွက် ဒီနိုင်ငံပြည်သူများအား ကူညီနိုင်ရေးကို အရေးအကြီးဆုံးအဖြစ် ကျနော် ဦးထိပ်ပန်ဆင် သယ်ဆောင်လာပါတယ်။

ကုလသမဂ္ဂဟာ လူအများရဲ့ အခွင့်အရေးများ၊ ချမ်းသာသုခများ၊ ဂုဏ်အရှိန်အဝါများအတွက် ဆောင်ရွက်ပေးနေပါတယ်။ ဒါဟာ စိတ်ကြိုက်ရွေးချယ်လုပ်ပေးနေခြင်း မဟုတ်ပါ။ ဒါဟာ ကျနော်တို့ရဲ့ တာဝန်ပိုင်းပါ။

ကုလသမဂ္ဂရဲ့ ပြတ်သားပြီး တာဝန်ခွဲဝေကာ ပြဋ္ဌာန်းနှစ်မြှုပ်ဆောင်ရွက်ခြင်းကို မြန်မာပြည်သူများအား ပြသရန် ကျနော် လာရောက်တာဖြစ်ပါတယ်။

ဒီနေ့ ဒီနေရာမှာ ကျနော် ပြောပါရစေ။ မြန်မာ - သင်သည် အထီးကျန် မဟုတ်ပါ။

စည်းလုံးညီညွတ်တဲ့၊ ငြိမ်းချမ်းတဲ့၊ ပေါကြွယ်ဝတဲ့ ခေတ်သစ်ဒီမိုကရေစီ မြန်မာနိုင်ငံအတွက် သင်တို့နဲ့အတူ အလုပ်လုပ်ရန် ကျနော်တို့ လိုလားပါတယ်။

ဆင်းရဲတွင်းမှ ရုန်းထနိုင်ရန် သင်တို့ကို ကျနော်တို့ ကူညီလိုပါတယ်။

နိုင်ငံတကာ အသိုင်းအဝန်းရဲ့ လေးစားခံရတဲ့ တာဝန်သိတဲ့ အဖွဲ့ဝင်နေရာကို သင်တို့နိုင်ငံရယူနိုင်ရန်အတွက် သင်တို့နဲ့အတူ ကျနော်တို့ လုပ်ဆောင်လိုပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေး၊ တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ ရေရှည်ခံ ဖွံ့ဖြိုးတိုးတက်မှုများအတွက် ကျနော်တို့ သင်တို့ကို ကူညီလိုပါတယ်။

ဒါပေမင့် ကျနော် အလေးအနက်ပြု ပြောပါရစေ - ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လေးစားလိုက်နာမှု မရှိလျှင် ငြိမ်းချမ်းရေးသော်၎င်း၊ ဖွံ့ဖြိုးတိုးတက်မှုသော်၎င်း ရှင်သန်မှာ မဟုတ်ပါဘူး။

မြန်မာနိုင်ငံဟာ ခြွင်းချက်မဟုတ်ပါ။

ဂုဏ်သရေရှိ လူကြီးမင်းများ ခင်ဗျား

စိန်ခေါ်မှုတွေက အများကြီးပါ။ ဒါပေမင့် ကျော်လွှားလို့မရနိုင်တာတော့ မဟုတ်ပါ။

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းတဲ့၊ ဒီမိုကရေစီစံနစ်ရှိတဲ့ သာယာဝပြော ပေါကြွယ်ဝတဲ့ အနာဂတ်ကို ကာကွယ်ထိန်းသိမ်းရမယ့်ကိစ္စဟာ ရှုပ်ထွေးတဲ့ လုပ်ငန်းစဉ်ဖြစ်ကြောင်း အတွေ့အကြုံများအရ ကျနော်တို့ သိရှိရပါတယ်။

မြန်မာနိုင်ငံအတွက် မည်သည့် စိန်ခေါ်မှုကိုမဆို မြန်မာနိုင်ငံချည်းသက်သက် မဖြေရှင်းနိုင်ပါ။ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ လူအခွင့်အရေးဟာ အပြန်အလှန် နွယ်ယှက် ဆက်စပ်နေပါတယ်။

ဒီအချက်တွေကို တူညီတဲ့အာရုံစိုက် အလေးထားမှုမရှိဘဲ ပြောဆိုဆောင်ရွက်ခြင်းဟာ ဒီမိုကရေစီရေး၊ တည်တံ့တဲ့ ငြိမ်းချမ်းရေးနဲ့ သာယာဝပြောရေးတို့ရဲ့ အလားအလာကောင်းခြင်းကို မှေးမှိန် သေးသိမ်စေပါတယ်။

ဒါပေမင့်၊ တွေ့ဆုံဆွေးနွေးရေးနဲ့ ပြန်လည်သင့်မြတ်ရေးအတွက် စစ်မှန်တဲ့ ဆန္ဒရှိမယ်ဆိုရင် အခက်အခဲ အားလုံးကို ကျော်လွှားအောင်မြင်မှာပါ။

‘အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနဲ့ လူ့အခွင့်အရေးကို အပြည့်အဝ အလေးထားရေးအတွက် စောင့်ဆိုင်းဘို့ မြန်မာဟာ အချိန်ဘယ်လောက်ကြာကြာ ကြိုးပမ်းနိုင်မှာလဲ’ ဆိုတာဟာ ယနေ့ မေးခွန်းဖြစ်ပါတယ်။

ကျနော် ရှင်းလင်းပြောပြပါရစေ။ အမျိုးသားရေးအတွက် မြန်မာနိုင်ငံသားအားလုံး ဆောင်ရွက်ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ မှတ်ပုံတင်ထားတဲ့ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနဲ့ အပစ်အခတ်ရပ်စဲရေး လေ့လာနေတဲ့ လက်နက်ကိုင်အုပ်စုများနဲ့ ယမန်နေ့က တွေ့ခဲ့စဉ်မှာ ကျနော် ပြောခဲ့တာပါ။ ဒီမိုကရေစီလုပ်ငန်းစဉ်နဲ့ ငြိမ်းချမ်းရေးအတွက် သူတို့ရဲ့ ပြဋ္ဌာန်းကြိုးပမ်းမှုကို ဂုဏ်ပြုရန်အတွက် သီးခြားစီ ကျနော် ပြောကြားအားပေးခဲ့တာပါ။

သို့သော်၊ မြန်မာနိုင်ငံကို မြော်မှန်းထားတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီ ရည်မှန်းချက်ပန်းတိုင်များကို ရောက်ရှိရန် အဓိကတာဝန်မှာ နိုင်ငံ့အစိုးရပေါ် ကျရောက်လျက် ရှိနေပါတယ်။

ဒီတာဝန်များကို ကျေပွန်စွာ မဆောင်ရွက်နိုင်လျှင် မြန်မာနိုင်ငံသားများအား သူတို့ရဲ့ ‘စွမ်းရည် အပြည့်အဝကို နားလည်သဘောပေါက်ခြင်း’ မှ ဟန့်တားထားရာ ရောက်ပါလိမ့်မယ်။

ဒီတာဝန်များကို ကျေပွန်စွာ မဆောင်ရွက်နိုင်လျှင် မြန်မာနိုင်ငံသားများရဲ့ ဂုဏ်သရေရှိစွာ နေထိုင်နိုင်ခွင့်နဲ့ ပိုမို လွတ်လပ်မှုဖြင့် သာလွန်ကောင်းမွန်တဲ့ လူမှုအဆင့်အတန်းများ ခံစားခွင့်ကို ငြင်းပယ်ရာ ရောက်ပါလိမ့်မယ်။

ဒီ အခြေခံစည်းမျဉ်းများဟာ ‘ကျွန်ုပ်တို့သည် ပြည်သူများဖြစ်ကြသည်’ ဆိုတဲ့ စကားများဖြင့် အဖွင့်နိဒါန်းချီထားတဲ့ ကုလသမဂ္ဂ ပဋိဉာဉ်စာတမ်းရဲ့ ကျောရိုးအတွင်းမှာ တည်ရှိနေပါတယ်။

ဒီ မွန်မြတ်တဲ့ စကားများကို လွတ်လပ်တဲ့ မြန်မာနိုင်ငံရဲ့ စတင်ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကလဲ ပဲ့တင်ထပ်ထားပါတယ်။ မြန်မာနိုင်ငံရဲ့ အနာဂတ်မှာ ဒီစည်းမျဉ်းစည်းကမ်းများကို အကောင်အထည်ဖော်ဘို့ သေချာစေရေးအတွက်လဲ ကျနော်တို့ အတူတကွ လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။

ဒီအချက်ကို ကျွန်တော်စိတ်ထဲမှာထည့်ထားပြီး အမှာစကား ၃ ခုကို သယ်ဆောင်ခဲ့ပါတယ်။

ပထမဦးစွာအနေနဲ့ ဘယ်ဒေသမှာမဆို လူသားဂုဏ်ရည်ကို အလေးထားလေးစားခြင်းဟာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ် လိုအပ်ချက်ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းကို ပထမ စတင်လက်ခံခဲ့တဲ့ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှာ တနိုင်ငံ အပါအဝင် ဖြစ်ခဲ့ပါတယ်။

နိုင်ငံရေး၊ စီးပွါးရေးနဲ့ လူမှုရေးတိုးတက်မှုများအတွက် လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်မှုများအား လေးစားဘို့ အများဆုံးဖြတ်ချက်ဆန္ဒကို မြန်မာနိုင်ငံက စောစီးစွာ ထောက်ခံခဲ့ပါတယ်။

ကံမကောင်း အကြောင်းမလှစွာဘဲ ဒီပြဋ္ဌာန်းကြိုးပမ်းမှုဟာ အမှန်တကယ်မှာ အံဝင်ခွင်ကျမှု မရှိခဲ့ပါ။ မြန်မာ့လူ့အခွင့်အရေး မှတ်တမ်းဟာ အလွန်အမင်း စိုးရိမ်သောကဖြစ်စရာ အကြောင်းအရာအနေနဲ့ တည်ရှိနေလျက်ပါ။

မြန်မာအစိုးရဟာ သူ့ရဲ့ရည်မှန်းချက်များဖြစ်တဲ့ တည်ငြိမ်မှု၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေးတို့ကို ပြောဆိုနေပါတယ်။

အနှစ် ၂ဝ အတွင်း ပထမဆုံးအနေနဲ့ ကျင်းပမှာဖြစ်တဲ့ လာမယ့်ရွေးကောက်ပွဲဟာ ဂုဏ်ထယ်တင့်တယ်စေလိုလျှင် အားလုံးပါဝင်ပြီး အမြင်ကြည်လင်မှု ရှိရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံရဲ့ ရှေ့ဆက်မယ့်ခရီးမှာ လူ့အခွင့်အရေးကို လေးစားလိုက်နာမှု အမြစ်တွယ်ရမှာဖြစ်ပါတယ်။

ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံးလွှတ်ပေးရမယ်လို့ ကျနော် ပြောခဲ့တာပါ။

ဗိုလ်ချုပ်ကြီးသန်းရွှေနဲ့ မနေ့ကနဲ့ ဒီနေ့ တွေ့ရတဲ့အခါ ဒေါ်စုကြည်ကိုတွေ့ဘို့ တောင်းဆိုခဲ့ပါတယ်။ သူက ငြင်းပယ်လိုက်တဲ့အတွက် ကျနော် များစွာ စိတ်ပျက်ခဲ့ရပါတယ်။

မြန်မာအစိုးရဟာ နိုင်ငံရေးပွင့်လင်းမှုရဲ့ ကဏ္ဍသစ်မှာ ပြဋ္ဌာန်းကြိုးပမ်းမှုကို ပြသနိုင်မယ့် အခွင့်အရေးထူးတခု ဆုံးရှုံးသွားပြီလို့ ကျနော် ယုံကြည်လိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အား တွေ့ဆုံခွင့်ပေးလိုက်ခြင်းဟာ ၂ဝ၁ဝ ရွေးကောက်ပွဲကို အများယုံကြည်လက်ခံနိုင်မှု ရှိစေရေးအတွက် အရေးကြီးတဲ့ အဓိပ္ပာယ်ရှိသော ဆောင်ရွက်မှုကို စတင်လုပ်ဆောင်ရန် အစိုးရက ဆန္ဒရှိကြောင်းကို ဖော်ပြတဲ့ အရေးကြီးတဲ့ ပြယုဂ်ဖြစ်ပါလိမ့်မယ်။

ဒီနိုင်ငံရဲ့ အနာဂတ်အတွက် ပြည့်ဝတဲ့ ပါဝင်ဆောင်ရွက်နိုင်ခွင့်အား မြန်မာနိုင်ငံသားအားလုံးကို အမှန်တကယ် ပေးရမှာဖြစ်ပါတယ်။

ပါဝင်ဆောင်ရွက်လိုသူများအားလုံး လွတ်လပ်တက်ကြွစွာ ပါဝင်မှုမရှိလျှင် အမျိုးသားပြန်လည်သင့်မြတ်ရေးဟာ မပြည့်စုံနိုင်ပါ။

သက်ဆိုင်တဲ့ပုဂ္ဂိုလ်များ၊ တိုင်းရင်းသားအုပ်စုများနဲ့ လူနည်းစုများအားလုံး ပါဝင်တဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးမှု လုပ်ငန်းစဉ်ကို မြန်မာနိုင်ငံဟာ စတင်ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

ပြည်သူအများဟာ နိုင်ငံရေးဆွေးနွေးမှုမှာ လွတ်လပ်စွာ အခြေအတင် ပြောနိုင်ရမယ်၊ လွတ်လပ်စွာ ပါဝင်နိုင်ရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီလုပ်ငန်းစဉ်မှာ အဓိပ္ပာယ်ရှိစွာ ပါဝင်နိုင်ရေးအတွက် အထောက်အကူဖြစ်စေမယ့် သတင်းအချက်အလက်များကို လွတ်လပ်စွာ သိရှိရယူနိုင်ရမှာ ဖြစ်ပါတယ်။

ဂုဏ်သရေရှိ လူကြီးမင်းများ ခင်ဗျား

အသွင်ကူးပြောင်းမှုတိုင်းဟာ ခက်ခဲလှပါတယ်။ မြန်မာနိုင်ငံဟာ သက်ဦးဆံပိုင်စံနစ်ကနေ ကိုလိုနီစံနစ်၊ အခုတခါ လွတ်လပ်တဲ့နိုင်ငံအဖြစ် အသွင်ကူးပြောင်းခဲ့ပါတယ်။

သမိုင်းဟာ လတ်တလောမှာ နာကျင်ဘွယ် ဖြစ်ရပ်များ အပါအဝင် ‘အမွေ’ နှစ်မွှာပူးကို သန္ဓေဆောင်ခဲ့ပါတယ်။

လက်နက်ကိုင် ပဋိပက္ခနဲ့ နိုင်ငံရေး ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေတွေပါ။

အချုပ်အခြာပိုင်ဆိုင်မှု၊ နယ်မြေတည်တံ့ခိုင်မြဲမှုနဲ့ အမျိုးသားညီညွတ်ရေးတို့ဟာ နိုင်ငံတိုင်းရဲ့ တရားဝင် စိုးရိမ်သောကများ ဖြစ်ပါတယ်။

နိုင်ငံရေးဝန်းကျင်ကို ဖွင့်ပေးခြင်းနဲ့ ချဲ့ထွင်ခြင်းဟာ ပိုမိုကြီးမားတဲ့ စုပေါင်းဆောင်ရွက်ခြင်းရဲ့ အစိတ်အပိုင်းအဖြစ် အုပ်စုတစုချင်းနဲ့ လူတဦးချင်း ပါဝင်နိုင်မှုအတွက် အာမခံရန် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း ကျနော်တို့ ရဲရဲကြီးပြောနိုင်ပါတယ်။

စစ်တပ်၊ နိုင်ငံရေးအဖွဲ့အစည်းအားလုံး၊ တိုင်းရင်းသားလူနည်းစုများ၊ အများပြည်သူနဲ့ သက်ဆိုင်သော အဖွဲ့အစည်းများနဲ့ မြန်မာနိုင်ငံရဲ့ သားသမီးတိုင်း အမှန်တကယ်ကို နိုင်ငံရဲ့ အသွင်ကူးပြောင်းရေးမှာ ပါဝင်ကြရမှာ။

အပြန်အလှန် အပေးအယူလုပ်ညှိနှိုင်းခြင်း၊ လေးစားခြင်းနဲ့ နားလည်မှုတို့သာလျှင် ကြာရှည်တည်တံ့မယ့် ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီရေးတို့အတွက် အခြေခံအုတ်မြစ် ချပေးနိုင်မှာ ဖြစ်ပါတယ်။

ကျနော်ရဲ့ ဒုတိယ အမှာစကားကတော့ မြန်မာနိုင်ငံသားများရဲ့ လူသားချင်းစာနာတဲ့ လိုအပ်ချက်များကို ဖော်ပြလိုပါတယ်။

ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသမှာ ဖြစ်ထွန်းခဲ့တဲ့ တိုးတက်မှုများကို ကြည့်မြင်နိုင်ရန် ပြန်လည်ရောက်ရှိလာနိုင်စွမ်းအတွက် ကျနော် ဝမ်းသာလှပါတယ်။

အလိုချင်ဆုံးကတော့ နာဂစ်မုန်တိုင်းဒဏ်ကို တုံ့ပြန်ခြင်းဟာ သီးခြားခွဲခြားထားခြင်းအပေါ် ပူးပေါင်းဆောင်ရွက်နိုင်ခြင်းရဲ့ တန်ဖိုးကို သက်သေပြနိုင်တာပဲ။

အလှူရှင်အသိုင်းအဝန်းရဲ့ ကူညီပံ့ပိုးမှုဖြင့် ‘သုံးပွင့်ဆိုင် ကျောရိုးအုပ်စု’ အဖြစ် မြန်မာ၊ ကုလသမဂ္ဂနဲ့ အာဆီယံတို့အတွင်း မကြုံစဖူး ပူးပေါင်းဆောင်ရွက်ခြင်းဟာ လူသားချင်း စာနာမှု အရေးပါခြင်းနဲ့ အချုပ်အခြာ အာဏာပိုင်မှုရဲ့ စည်းမျဉ်းစည်းကမ်းတို့ဟာ ပဋိပက္ခ မဖြစ်ကြဘူးဆိုတာ သက်သေပြသွားပါတယ်။

မြန်မာနိုင်ငံနဲ့ မည်သည့်နေရာတွင်မဆို လူသားချင်းစာနာမှု အကူအညီဟာ နိုင်ငံရေးအတွက် တုံ့ပြန်ရမယ့် ဓားစာခံ မဖြစ်သင့်ပါဘူး။ မြန်မာနိုင်ငံရှိ လူသားချင်းစာနာမှုနဲ့ တိုးတက်မှု အထောက်အကူများ လိုအပ်နေသူအားလုံး ရရှိနိုင်ရေးအာမခံချက်ရှိအောင် ကျနော်တို့ အတူတကွဆောင်ရွက်နိုင်ရမယ်၊ လုပ်ကိုလုပ်ရမှာ ဖြစ်ပါတယ်။

အခုဟာကတော့ ကျနော်ရဲ့ တတိယ အမှာစကားဖြစ်ပါတယ်။

အခုအချိန်ဟာ မြန်မာနိုင်ငံအနေနဲ့ သူရဲ့ စီးပွါးရေးစွမ်းအင် အလားအလာကောင်းများကို ထုတ်ဖော်ဘို့ အချိန်ဖြစ်ပါတယ်။

‘အာရှစီးပွါးရေးအံ့ဘွယ်’ အလယ်မှာ မြန်မာနိုင်ငံဟာ ရပ်တည်နေပါတယ်။ နိုင်ငံတဝှန်းမှာ လျင်မြန်တဲ့ တိုးတက်မှုများအတွက် မြန်မာကို ‘ကကြိုးဆင်စေခြင်းဟာ’ လူနေမှုအဆင့်အတန်း မြင့်မားရေးအတွက် အသေချာဆုံးနည်းလမ်း ဖြစ်ပါတယ်။

မြန်မာအစိုးရရဲ့ ကုန်သွယ်မှုအတွက် ပြင်ပကို လမ်းဖွင့်ပေးခြင်းဝါဒ၊ ထောင်စုဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက်များ ရရှိအောင် ကြိုးပမ်းမှု၊ အိတ်ခ်ျအိုင်ဗီ ဝေဒနာ ထိန်းချုပ်မှု၊ လူကုန်ကူးမှု တိုက်ဖျက်ရေးနဲ့ ဘိန်းထုပ်လုပ်မှု အဆုံးသတ်ရေးတို့ကို ကျနော် ကြိုဆိုပါတယ်။

ဒါပေမင့် အမှန်လက်တွေ့မှာတော့ ပြည်သူသန်းပေါင်းများစွာဟာ ဆက်လက်ဆင်းရဲနေဆဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ လူနေမှုအဆင့်အတန်းဟာ အာရှရဲ့ အနိမ့်ဆုံးထဲမှာ ပါဝင်နေတုန်းပါ။

ဒီမြန်မာပြည်သူများဟာ အလုပ်များ လိုအပ်နေပါတယ်။ စားနပ်ရိက္ခာဖူလုံမှုတွေ လိုအပ်နေပါတယ်။ ကျန်းမာရေး စောင့်ရှောက်ခံယူနိုင်မှုတွေ လိုအပ်နေပါတယ်။

ဒေသဆိုင်ရာနဲ့ တကမ္ဘာလုံးဆိုင်ရာ စီးပွါးရေးမှ အကျိုးအမြတ် ရနိုင်အောင်နဲ့ ပါဝင်ပံ့ပိုးပေးနိုင်ရေးအတွက် မြန်မာပြည်သူများကို အာမခံရဘို့ ကျနော်တို့ လုပ်ပေးရမှာ ဖြစ်ပါတယ်။

တည်ငြိမ်ပြီး သာယာဝပြောပေါကြွယ်တဲ့ ဒီမိုကရေစီမြန်မာနိုင်ငံမှ ဒေသနဲ့ ကမ္ဘာက အကျိုးအမြတ်တွေ ပိုမိုရရှိလာမှာကို ကျနော်တို့ အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ အဲဒီရည်မှန်းချက်အတွက် ကျနော်တို့ ဆောင်ရွက်ပေးရပါ့မယ်။

မြန်မာအစိုးရကလဲ ဒီအချိန်အခါကို အမိအရ ရယူရမှာ ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ အသိုင်းအဝန်းက မြန်မာနိုင်ငံပြည်သူများကို လက်ကမ်းရန် ပြင်ဆင်နေသည့် အခွင့်အလမ်းများရဲ့ အကျိုးသက်ရောက်မှုကို မြန်မာအစိုးရက ရယူရမှာ ဖြစ်ပါတယ်။

ဂုဏ်သရေရှိ လူကြီးမင်းများ ခင်ဗျား

ကျနော် ဒီကို မိတ်ဆွေတဦးအဖြစ် ရောက်လာခဲ့တာပါ။

ကျနော့်တာဝန်က ကုလသမဂ္ဂပဋိဉာဉ်ရဲ့ အကောင်းဆုံးစံများနဲ့ စည်းမျဉ်းစည်းကမ်းများကို ထိန်းသိမ်းဘို့ပဲ ဖြစ်ပါတယ်။

ကျနော့်အခန်းကဏ္ဍကတော့ သင်တို့အားလုံး - အစိုးရ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ တိုင်းရင်းသားအုပ်စုများ၊ လူမှုအဖွဲ့အစည်းများ - ကို ပြည်သူတရပ်အနေနဲ့ နိုင်ငံတခုအနေနဲ့ အတူတကွ ရှေ့ဆက်ရွေ့လျားဘို့ အားပေးရန် ဖြစ်ပါတယ်။

ကဏ္ဍအားလုံးရဲ့အပေါ်မှာ ပြည်သူ့အကျိုးကို ထားရှိလိုက်တဲ့အခါ မကျော်လွှားနိုင်တာ သို့မဟုတ် မဖြစ်နိုင်တာ ဆိုတာ မရှိပါဘူး။

ဒေသနဲ့ ကမ္ဘာဟာ လျင်မြန်စွာ ပြောင်းလဲနေပါတယ်။ ပူးပေါင်းဆောင်ရွက်ခြင်းမှ၊ ပြီးတော့ မိမိကိုယ်တိုင် ပြောင်းလဲမှုကို စတင်လုပ်ခြင်းမှ အကျိုးဖြစ်ထွန်းဘို့ မြန်မာဟာ ရပ်တည်လို့သာ နေပါတယ်။

မြန်မာအစိုးရက ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းဟာ နိုင်ငံရဲ့ နိုင်ငံခြားရေးဝါဒရဲ့ အခြေခံအုတ်မြစ် ဖြစ်တယ်လို့ ထပ်ခါတလဲလဲ ပြောလျက်ရှိပါတယ်။

စကားတွေနဲ့ အလုပ်တွေ ကိုက်ညီဘို့အတွက် ကျနော်တို့ တောင်းဆိုပါတယ်။

သူ့ပြည်သူများရဲ့ လိုအပ်ချက်များနဲ့ ပြင်းပြတဲ့ဆန္ဒများကို တုံ့ပြန်ဘို့ မြန်မာနိုင်ငံဟာ ကုလသမဂ္ဂနဲ့ ပိုမိုပူးပေါင်းလုပ်ဆောင်လေ နိုင်ငံရဲ့ အချုပ်အခြာပိုင်ဆိုင်မှုကို အခိုင်အမာပြုနိုင်လေ ဖြစ်ပါတယ်။

ဒီအတူပါပဲ။ ကျနော်တို့်ရဲ့ ဝေမျှခံယူထားတဲ့ ရည်မှန်းချက်များဖြစ်တဲ့ ပြည်သူအားလုံးရဲ့ လူ့အခွင့်အရေးကို အပြည့်အဝ လေးစားခြင်းနဲ့အတူ ညီညွတ်တဲ့ ငြိမ်းချမ်းတဲ့ သာယာဝပြောတဲ့ ဒီမိုကရေစီနည်းလမ်းကျတဲ့ အနာဂတ်အတွက် မြန်မာနိုင်ငံ လက်လှမ်းမီနိုင်အောင် ကူညီရန် အတူတကွ လုပ်ဆောင်ဘို့ နိုင်ငံတကာ အသိုင်းအဝန်းမှာလဲ တာဝန်ရှိပါတယ်။

ကျေးဇူးတင်ပါတယ်။
(ဇူလိုင်လ ၆ ရက်၊ ၂ဝဝ၉ ခုနှစ်)

1 comment:

Unknown said...

မြန်မာ က အထီးတော့ မကျန်ဘူး မောင်လေးရေ့
အဆိုးတွေကြည့်ကျန် ခဲ့မှာ

Current world times
Burma (Rangoon) USA (Los Angeles) Australia (Canberra) Japan (Tokyo) Russia (Moscow)