Tuesday, June 16, 2009

ဦးသန်းရွှေနဲ့ဗိုလ်ချုပ်ကြီးတွေရဲ့မိသားစုတွေ အတွက်နောက်ဆုံးသင်းချိုင်းဂူ


နအဖခေါင်းဆောင်တွေဟာသူတို့အခြေအနေမလှတော့မှန်းသိနေပြီ။ပြေးဖို့ပြင်နေတယ်။ ဒါပေမဲ့ပြေးစရာမြေမရှိဖြစ်နေပုံကိုသူတို့တူးထားတဲ့လှိုဏ်ခေါင်းအနေထားက ဖေါ်ပြနေပါတယ်။ယေးလ်တက္ကသိုလ်နိင်ငံတကာလေ့လာရေးအင်တာနက်စာမျက်နာ(yaleglobal.yale.edu) မှာဆောင်းပါးရှင်ဘာတေးလစ်တနာက လိုဏ်ဂူတွေ၊သေနတ်တွေနဲ့ကင်ချီချဉ်ပတ်(သို မဟုတ်)မြောက်ကိုရီးယားရဲ့ဒေါ်လာအတွက်ရိုက်စားကွက်(Tunnels,Guns and Kimchi:North Korea’s Quest for Dollars- Part I,II) ဆိုတဲ့ဆောင်းပါး ရှည်တခုကိုနစ်ပိုင်းခွဲပြီးတင်ပြထားတာကိုဖတ်လိုက်ရပါတယ်။

ဒီဆောင်းပါးမှာနအဖခေါင်းဆောင်တွေကဥမင်လှိုဏ်ခေါင်းကြီးတခုကိုမြောက်ကိုးရီးယားတွေ အကူညီနဲ့တူးနေတယ်ဆိုတာကိုသူကဓါတ်ပုံနဲ့
တကွဖေါ်ပြထားပါတယ်။ ဆောင်းပါးမှာ မြောက်ကိုရီးယားအစိုးရက ဗိုက်နာနေတယ်။ အမေရိကန်က စီးပွားရေး
ပိတ်ဆို့ထားတော့ဘာစီးပွားရေးမှ လုပ်လို့မရဘူး။ငွေလိုနေတယ်။အမေရိကန်ကအာဖဂန်နစ်စတန်နဲ့အီရတ်ကို
ဝင်ပြီးတိုက်လိုက်တော့ဗိုလ်ချုပ်သန်းရွှေအဖွဲ့လည်းသွေးပျက်နေတယ်။

‘’ နောက်.. တ….ခါ…..ဒို့  …အ .. လှည့် …လား။ ‘’လို့  တယောက်မျက်နှာတယောက်ကြည့်ပြီးမေးမိကြမယ်။ ကမ္ဘာဦးကတည်းကတည်ရှိနေတဲ့လူမိုက်တွေရဲ့နိယာမကနိုင်မလား၊မနိုင်ရင်ပြေး။ ဒီတော့ပြေးပေါက်ရှာရပါတော့တယ်။မလေးမခန့်လုပ်မိတာကလည်းကမ္ဘာ့
ဆူပါပါဝါအမေရိကန်နိင်ငံ။ ဂျပန်ရေတပ်ဗိုလ်ချုပ်ကြီး ယာမာမိုတိုဒုတိယကမ္ဘာစစ်တုံးက အမေရိကန်ကိုပြောခဲ့တဲ့
စကားနဲ့ပြောရရင်(Giant)လူ့ဘီလူးကြီး။ ဒီတော့ မြောက်ကိုးရီယားနဲ့မြန်မာ။မြန်မာနဲ့မြောက်ကိုရီးယား။
'‘လူမိုက်ချင်းချင်းပုလင်းတူတူမော့- ပြောင်းအတူတူရှု '' မိကြတယ်။ မင်းကငါပုန်းဖို့ တွင်းတူးပေး၊
ငါကမင်းစားဖို့ပေးမယ်နဲ့အပေးအယူတည့်သွားပုံရတယ်။မြန်မာ့အရေးကိုပုံမှန်လေ့လာနေတဲ့ မြန်မာနိင်ငံသားတဦးအဖို့တောဒီသတင်းဟာအထူးဆန်းမဟုတ်ပါဘူး။ လွန်ခဲ့တဲ့၆နှစ်၇နှစ်ကတည်းကဒီသတင်း
ဟာမြန်မာပြည်တနံတလျားမှာပျံ့ နေတာလူတိုင်းအသိဖြစ်ပါတယ်။
ကျနော်တို့လည်း အလျင်သင့်သလိုပဲ ယူရေနီယံထုတ်နေတဲ့ကိစ္စ၊ရဲလိုးကိတ်အထိထုတ်နိုင်နေတဲ့ကိစ္စတွေကို ရေးသားတင်ပြခဲ့ပြီးဖြစ်ပါတယ်။

ဒီလှိုဏ်ခေါင်းကိုတူးတဲ့ရည်ရွယ်ချက်ကတော့အမေရိကန်ကစစ်ရေးအရကျူးကျော်လာရင်ပြေးပုန်းနိင်ဖို့အတွက်
သူတို့ ပြင်ဆင်ထားတာဖြစ်မယ်လို့ဘာတေးလ်လစ်တနာက ဆိုပါတယ်။လှိုဏ်ဂူတူးထားပုံအနေအထားကို
လုံခြုံရေးသုံးသပ်ချက် (Security Analysis)ကကြည့်ရင်တော့နအဖကခံစစ် အနေအထားကိုလုံးဝ
ရောက်နေပြီဆိုတာတွေ့နိုင်တယ်။အဓိပါယ်ကတော့အရှုံးကိုလက်ခံထားလိုက်တဲ့သဘောပါပဲ။ လှိုဏ်ခေါင်းကပျဉ်းမနားကစပြီးရှမ်းပြည်ဖက်မှာ အဆုံးသတ်ထားတာကိုကြည့်ခြင်းအားဖြင့်

တစ်-ပြေးစရာရှိရင် တရုပ်ပြည်ကိုသူတို့ မပြေးချင်ဘူးဆိုတာပြနေတယ်။

နှစ်-ဗိုလ်ချုပ်သန်းရွှေနဲ့နအဖခေါင်းဆောင်တွေသူတို့မိသားစုတွေကအနောက်တိုင်းနဲ့သဟဇတ မဖြစ်ဘူး။တနည်းအားဖြင့် ပြောရရင်ဦးနေ၀င်းနဲ့သူ့မိသားစုလိုအနောက်တိုင်းကိုဝင်ဆန့်သူတွေ မဟုတ်ဘူး။ဒါကြောင့်အနောက်တိုင်းနိုင်ငံတခုခုကိုလည်း မပြေးရဲဘူး။

သုံး-ထိုင်းနိုင်ငံဖက်ကိုဦးတည်ထားတာကရှမ်းပြည်လူမျိုးစုဒေသအတွင်းကနေခံစစ်ပြန် လုပ်မယ်။နောက်လိုက်နောက်ပါတွေပါလာရင်သူပုန်ပြန်ထမဲ့အခြေအနေကိုပြင်ထားတာဖြစ်နေပါတယ်။


ပြသနာကတော့ရှမ်းပြည်နယ်စပ်မှာတော်လှန်ရေးအဖွဲ့တွေရှိတာရယ်။ နအဖတပ်သားတွေက
သူတို့ကိုဆက်လက် သြဇာခံပြီးနောက်ကနေလိုက်လာပါ့မလားဆိုတာဖြစ်ပါတယ်။့ အာဖန်ဂန်နစ်စတန်နဲ့ အီရတ်ကိုအမေရိကန်တွေက၀င်သိမ်းလိုက်ပြီးတဲ့အချိန်မှာနောက်တခါဒို့အလှည့်လားလို့  စိုးရိမ်လာတာလည်းဖြစ်နိင်ပါတယ်။သူတို့ရဲ့စိုးရိမ်မှုကိုလွန်တယ်လို့ပြောလို့မရပါဘူးနိုင်ငံရေးမှာမဖြစ်ဘူးဆိုတာ မရှိလို့ပဲဖြစ်ပါတယ်။ဒီနေ့သမ္မတကြီးကမနက်ဖန်မှာတရားခံကြီးဘ၀နဲ့ကြိုးစင်ပေါ်တက်ခဲ့ရတဲ့သာဓကတွေကို
မဝေးလှသေးတဲ့သမိုင်းဖြစ်ရပ်တွေကအထင်အရှားပြနေပါတယ်။ရိုမေးနီးယားကသမ္မတချောင်ချက်စကူး
(သူသမ္မတအဖြစ်နဲ့မြန်မာပြည်ကိုလာလည်တော့ကျောင်းသားလေးတွေက အလံလေးတွေ
ဝှေ့ ပြီးကြိုဆိုခဲ့ရတာမှတ်မိသေးတယ်။)တာလီဘန်အစိုးရတဖွဲ့လုံးနဲ့အီရတ်သမ္မတဆက်ဒန်ဟူစိန်
တို့ဟာ နိဂုံးမကောင်းခဲ့ကြပါဘူး။ ဒီနေ့ကမ္ဘာလုံးဆိုင်ရာပြောင်းလဲမှုဖြစ်စဉ်ကမိုဘိုင်းလ်ဖုံးတွေ၊ဆက်တယ်လိုက်၊အိုင်ပေါ့နဲ့ပလာစမာတီဗွီ၊
ဟမ်ဘာဂါနဲ့ဆူချီတွေပဲမဟုတ်ပါဘူး။ကြွေးကြော်သံတွေ၊မိုလိုတော့ဗုံးတွေနဲ့လူထုတိုက်ပွဲကြီးတွေလည်း
ဆက်တိုက်ပါလာနေတယ်။အာဏာရှင်တွေကိုတဖွဲ့ ပြီးတဖွဲ့ ဖြုတ်ချနေတယ်။ကမ္ဘာကြီးကအပြောင်းအလဲတွေနဲ့ ခြိမ့်ခြိမ့်သည်သည်းစည်ကားနေတယ်ဆိုတာပဲဖြစ်ပါတယ်။အလွန်ဘာသာရေးတယူသန်လှပါတယ်ဆိုတဲ့အီရန်က
ဒီနေ့ရွေးကောက်ပွဲမှာမူစလင်အခြေခံဝါဒီတွေကိုဒီမိုကရေစီရေး၊ အမျိုးသမီးအရေးတွေကိုတောင်းဆိုတဲ့လှုပ်ရှားမှုတွေကအီရန်အခြေခံဝါဒီတွေအဖို့ ဇောချွေးပြန်စရာဖြစ်လာနေပါပြီ။
ဒီခြိမ်းခြောက်မှုတွေကသူတို့မျှော်လင့်ထားတဲ့လေယာဉ်ပျံတွေဒုံးပျံတွေနဲ့လာတာမဟုတ်ပါဘူး။ တိုင်းပြည်အတွင်းကနေပဲပေါက်ဖွားလာခဲ့တာဖြစ်ပါတယ်။


ဗိုလ်ချုပ်သန်းရွှေနဲ့အပေါင်းပါတွေအတွက်ဒီလိုသတင်းတွေဟာသွေးပျက်စရာတွေပါ။ သူတို့ကိုနိဂုံချုပ်ပေးမဲ့လူစွမ်းကောင်းသုံးယောက်ထဲက
တယောက်ယောက်တော့လာတော့မယ်ဆိုတာသိနေပြီ။ သူဟာဘယ်ကနေလာနိင်မလဲ -

၁- လေကြောင်းကလည်းလာနိုင်တယ်။
၂- ပြည်တွင်းလူထုတိုက်ပွဲကြီးကလည်းပေါက်ဖွားလာနိုင်တယ်။
၃-တပ်မတော်အတွင်းကလည်းဖြစ်လာနိင်ပါတယ်ဆိုတာပါပဲ။


ဒီသုံးချက်မှာတချက်ချက်ကတော့သေချာနေပြီဆိုတာကိုသိမှတော့
သူတို့ပျဉ်းမနားရှမ်းပြည်လှိုဏ်ခေါင်းကြီးကိုတူးတာမဆန်းလှပေဘူးပေါ့။လှိုဏ်ခေါင်းက
ဦးသန်းရွှေနဲ့ဗိုလ်ချုပ်ကြီးတွေရဲ့မိသားစုတွေ အတွက်နောက်ဆုံးမြုတ်နှံဖို့ကမ္ဘာ့အကြီးဆုံးသင်းချိုင်းဂူဖြစ်မလာနိုင်ဘူး
ဆိုတာကိုတော့ဘယ်သမိုင်းဆရာကမှရဲရဲအာမမခံနိုင်တာတော့သေချာတယ်။
ကိုမိုးသီး

No comments:

Current world times
Burma (Rangoon) USA (Los Angeles) Australia (Canberra) Japan (Tokyo) Russia (Moscow)