Saturday, May 23, 2009

အဘယ့်ကြောင့်နည်း

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စစ်တပ်အာဏာပိုင်တွေက ဖမ်းဆီးထားခြင်းနှင့် ပတ်သက်၍ ရှေ့ဆက်ဘာတွေဖြစ်နိုင်မလဲ လက်လှမ်းမီသလောက် လေ့လာတင်ပြလိုက်ပါသည်။

ကြောင်းကျိုးဆက်စပ်မှုဟူသည် အရာရာတိုင်း၌ရှိပါသည်။ မျက်မှောက်ဖြစ်ပေါ်နေသောကိစ္စနှင့် ပတ်သက်ပြီး စဉ်းစားရမည့်အချက်တွေရှိပါသည်။ ဖြစ်ရပ်တခုတည်းအပေါ် ကွပ်ကြည့်လို့တော့မရနိုင်ပါဘူး ဖြစ်စဉ်ကိုပြန်လည်သုံးသပ်ကြည့်ရန်လိုအပ်လိမ့်မည်။

ယခုဖြစ်စဉ်၌ အချိန်၏ ဒိုင်မန်းရှင်း သုံးဘက်စလုံးကို ပြန်ကြည့် လေ့လာကြည့်မည်ဆိုပါက..

ပထမအနေနဲ့ ဒီဖြစ်ရပ်မတိုင်ခင် အခြေအနေကို လေ့လာကြည့်ရအောင်ပါ..

1. ပထမ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က အင်ဒိုနီးရှားမှာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ (Policy) ပြောင်း မယ့် အရိပ်အရောင်တွေပြသခဲ့ပါသည်။

2. အဲဒီ့နောက်၌ စစ်တပ်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် အင်ဒိုနီးရှားသွားခဲ့ပါသည်။
3. အဲဒီ့နောက်၌ အမေရိကန် (Diplomats) တွေနဲ့ စစ်တပ်အာဏာပိုင်တွေနဲ့ ဆွေးနွေးလက်စတွေရှိ နေ ခဲ့ပါသည်။
4. အဲဒီ့နောက်၌ ရွှေဂုံတိုင်အဖွဲ့ချုပ်ရုံးမှာ အစည်းအဝေး လွတ်လွတ်လပ်လပ်ပေးလုပ်ထားပါသည်။
5. ဒီ/ချုပ်မှ ရွှေဂုံတိုင် Statement ထွက်ပေါ်လာပါသည်။

ဒီငါးချက်က အမေရိကန်သမ္မတ ဘာရက် အိုဘားမား တတ်လာပြီးနောက်မှာ ဖြစ်လာတဲ့ အကြောင်း တွေ ဖြစ်ပါသည်။ တနည်းအားဖြင့် ယခုဖြစ်စဉ်မတိုင်ခင်အချိန်ထိ ဖြစ်စဉ်တခုပါ။ ဒီဖြစ်စဉ်ကို ပြန်ကြည့်တဲ့အခါမှာ ဖြစ်စဉ် (1) မှနေ (5) အထိမှာ ထူးခြားတဲ့ ပြဿနာ ဘာမှ မရှိခဲ့ဘူးဆိုတာတွေ့ ရမှာဖြစ်ပါသည်။ှ ရွှေဂုံတိုင် Statement ထွက်ပေါ်လာပြီးနောက် နိုင်ငံရေးတင်းမာမှုတွေ ဖြစ်ပေါ်လာသည် (သို့) အသွင်သဏ္ဍာန် တမျိုးသို့ ရုပ်ချည်းပြောင်းသွားခဲ့ပြီဟု ဆိုနိုင်ပါသည်။

ဤနေရာ၌ စဉ်းစားစရာအချက် (၂)ချက် ရှိပါတယ်

1. စစ်တပ်က အဘယ့်ကြောင့် ဒီ/ချုပ် အစည်းအဝေးလုပ်တာကို ဘာမှ အနှောက်အယှက်မပေးဘဲ ကြည့် နေခဲ့တာလဲ။
2. ဒီ/ချုပ်မှ ထုတ်ပြန်လိုက်တဲ့ ရွှေဂုံတိုင် Statement အပေါ် ကုလအပါအ၀င် အမေရိကန်၊ အီးယူ စတဲ့ အနောက်နိုင်ငံတွေမှ အဘယ့်ကြောင့် မှတ်ချက် တစုံတရာ မပေးခဲ့တာလဲ။

ဒီအချက် (၂)ချက် အပေါ်မှ နံပါတ်(၁) အချက်ကို အဖြေထုတ်ကြည့်ရအောင်ပါ …..

1. စစ်တပ်က ဒီ/ချုပ်ဆီက ထွက်ပေါ်လာမယ့် အသံကို စောင့်နေခဲ့တာလား။
2. ဒါမှမဟုတ် အမေရိကန် (Diplomats) တွေ ရောက်နေတဲ့ အချိန်ဖြစ်နေလို့လား။
3. ဒါမှမဟုတ် ဒီ/ ချုပ်အတွင်း၌ ဖြစ်နေတဲ့ ပြဿနာတွေကို သိလို့ (သို့) ဒီ/ ချုပ်ဘာမှ မလုပ်နိုင် ဘူးဆိုတာကို သိလို့ တမင်လွှတ်ပေးခဲ့တာလား။

ဒီအတောအတွင်းမှာဘဲ အမေရိကန်(ပေါ်လစီ)ပြောင်းမယ့်အရိပ်အရောင်တွေ၊ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် အင်ဒိုနီးရှားသမ္မတနဲ့ စင်ကာပူဝန်ကြီးချုပ်တို့မှ ဖိတ်ကြားလို့ အင်ဒိုနီးရှားနိုင်ငံ ကိုရုတ်တရက် ခရီးထွက်သွားခဲ့ပြီး၊ ပြန်လာပြီးသိပ်မကြာဘူး အမေရိကန် (Diplomats) တွေ နေပြည်တော် ရောက်လာခဲ့တယ်။ ဒီအခြေအနေကဘာကိုပြနေသလဲဆိုရင် အမေရိကန်(ပေါ်လစီ) ပြောင်းမဲ့ အစီအစဉ် ဟာ (၅၀ %) သေချာနေပြီလို့ ယူဆလို့ ရပါသည်။

သို့သော် အမေရိကန်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာနိုင်ငံအနာဂတ် ကိုထည့်မတွက်ဘဲ တနည်းအားဖြင့် တစုံတရာညှိနှိုင်းမှု မလုပ်ဘဲ Sanctions ကို ဖယ်ပေးမှာမဟုတ်ဘူးလို့ယူဆပါသည်။ သို့ဆိုလျှင် အမေရိကန် (Diplomats) တွေ အနေနဲ့ ဒီ/ချုပ်ကို ဘာလို့ မတွေ့တာလဲဆိုတာလည်း စဉ်းစားစရာဖြစ်လာပြန်ပါသည်။

အကယ်၍ တွေ့ခဲ့ရင်အမေရိကန်ရဲ့ အစီအစဉ်ဟာ တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကိုဘဲ ဖြစ်အောင် ကြားဝင်ညှိနှိုင်းပေးမယ့် အစီအစဉ်ဖြစ်သွားပါလိမ့်မည်။ ဒါဆို အခြေအနေကောင်းတွေဖြစ်လာနိုင်မယ်လို့ မျော်လင့်ယူဆလို့ရနိုင်ပါသည်။

အမေရိကန် (Diplomats) တွေ ဒီ/ချုပ်နဲ့မတွေတာ အကြောင်း(၂)ချက်ဖြစ်နိုင်ပါ၏..

1. ဒီ/ ချုပ်အနေနဲ့ အခြေအနေကို ရိပ်စားမိလိမ့်မည်ဟု အမေရိကန် (Diplomats) တွေ ယူဆထား နိုင်ပါသည်။
2. မလိုအပ်သေးလို့လည်းလဲဖြစ်နိုင်ပါသည်။

ဒီအခြေအနေအတွင်းမှာဘဲ ဒီ/ချုပ်က ရွှေဂုံတိုင် Statement ကြီးထွက်ပေါ်လာခဲ့ပါသည်။ ဒီ/ချုပ်အနေနဲ့ အခြေအနေ အားရိပ်စားမိခဲ့ပါက အောက်ပါအချက်တွေကို စဉ်းစားပြီး Statement ကိုထုတ် သင့်သည်ဟု ယူဆပါသည်။

1. အမေရိကန်ပေါ်လစီ ပြောင်းချင်နေတဲ့သဘောက ဘာကိုကိုဆိုလိုတာလဲ။
2. ဒေါ်အောင်ဆန်းစုကြည် လွတ်ရက်နီးလာနေပြီဖြစ်တဲ့အတွက် Statement ကို နောက်ဆုတ်ထား လို့ မရ ဘူးလား။
3. ဒေါ်အောင်ဆန်းစုကြည် လွတ်ပြီးမှ Statement ထုတ်လျှင်ကော မဖြစ်ဘူးလား။
4. ခုချိန်တင်းမာမှုပြလို့ ဘာအကျိုးထူးမလဲ။
5. ဘာ့ကြောင့် ဒီအစည်းအဝေးကို စစ်တပ်က အသာတကြည် လွှတ်ပေးခဲ့တာလဲ။
6. စစ်တပ်က ကိုယ်ထုတ်ပြန့်လိုက်မယ့် Statement အပေါ်လက်ခံမယ် မဟုတ်ဘူးဆိုတာ မသိလို့ လား။
7. သိရင် အဘယ့်ကြောင့် ဒီလို Statement မျိုး ထုတ်ခဲ့သလဲ။
8. သိသိနဲ့ထုတ်လိုက်တဲ့အကျိုးရလဒ်က တင်းမာမှုဆက်ဖြစ်ပွါးမယ်ဆိုရင် နောက်အဆင့်က ဘာလဲ။

စတဲ့အချက်တွေကို စဉ်းစားပြီးမှ ဆောင်ရွက်သင့်တယ်လို့ ယူဆပါတယ်။

သို့သော် နောက်အဆင့် မဆိုထားနှင့် ကိုယ့်အချင်းချင်းတောင် ညီညွတ်မှု မရှိသေးတဲ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် လွတ်လာသောအချိန်ထိ စောင့်ပြီး ဖြစ်ပေါ်နေတဲ့ ပါတီတွင်းအခြေ အနေတွေကို ထိန်းသိမ်းသွားခြင်းက ပိုမသင့်တော်ပေဘူးလားဟု စဉ်းစားစရာစရာရှိပါသည်။

တနည်းအားဖြင့် သံတမန်လှုပ်ရှားမှုလည်းရှိနေချိန်လည်းဖြစ် အမေရိကန်ပေါ်လစီ အပြောင်းအလဲ အရိပ်အရောင်လည်းရှိနေသော ကာလအတွင်း၌ အကယ်၍ ဖြစ်ပေါ်လာသော အခြေအနေများမှာ….

1. ဒေါ်အောင်ဆန်းစုကြည် လွှတ်မြောက်လာမည့် အချိန်အား စောင့်ခြင်း
2. သံတမန်လမ်းကြောင်း ပိုမို၍ ပွင့်သွားအောင် ပြုလုပ်ခြင်း တို့သာဖြစ်ခဲ့လျှင် …..

အကျိုးအားဖြင့်…….

1. တင်းမာမှုလျော့ချနိုင်မည်။
2. စစ်တပ်အနေဖြင့် ပျော့ပြောင်းမည့် အသွင်သဏ္ဍာန်တရပ် ဆက်လက်ဖေါ်ဆောင်လာပေမည်။
3. မပျော့ပြောင်းသည့်တိုင် မိမိတို့အဖွဲ့အတွင်း ပြန်လည်တည်ဆောက်နိုင်မည့် အခွင့်အရေးတွေက တော့ ရလာမည်။
4. ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာနိုင်အောင် ပံ့ပိုးပေးနိုင်မည်ဟု ယူဆမိပါသည်။

ဆက်လက်၍ နံပါတ်(၂) အချက်အား စဉ်းစားကြည့်မည်ဆိုပါက ယခင်က ပုံမှန်အားဖြင့် ဒီ/ချုပ်၏ Statement တွေအပေါ် ကုလအပါအ၀င် အနောက်နိုင်ငံများမှ ထောက်ခံရပ်တည်ပေးခဲ့ကြပါသည်။ သို့သော် ယခုတကြိမ်၌ မည်သည့် မှတ်ချက်မျှ ထွက်မလာခဲ့သေးကြောင်းတွေ့ရမည်ဖြစ်ပါသည်။

အဘယ့်ကြောင့်နည်း……ဖြစ်နိုင်ချေရှိ အချက်များမှာ…

1. သဘောတရားအားဖြင့် ယခင်နှင့်မခြားသော Statement ဖြစ်နေခြင်း။
2. သံတမန် လမ်းကြောင်းပိတ်နေခြင်း။
3. စစ်တပ်၏သဘောထားအား နားလည်ပြီးဖြစ်ခြင်း။
4. အမေရိကန် သံတမန်လမ်းကြောင်း ဖြစ်ပေါ်နေခြင်း။ စသည်တို့ကြောင့် မှတ်ချက်ပေးရန် (သို့) အခြေအနေအား စောင့်ကြည့်နေခြင်းဖြစ်မည်ဟု ယူဆနိုင်ပါသည်။

ဒီ/ချုပ်မှ Statement ထွက်ပေါ်လာသောအခါ စစ်တပ်မှ မည်သို့ တုန့်ပြန်နိုင်မည်နည်း..

1. မည်သို့မျှတုန်ပြန်မှု မလုပ်ခြင်း။
2. ဆက်လက်တင်းမာခြင်း။ စသည့် မူလအခြေအနေသို့ ပြန်ရောက်သွားနိုင်ပါသည်။

သို့ဆိုလျှင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား ပြန်လွှတ်ပေးခဲ့ပါက ၎င်းတို့ရင်ဆိုင်ရမည့် အခြေအနေနှင့် အကျယ်ချုပ်ဖမ်းဆီးထားသော အခြေအနေအား နှိုင်းယှဉ်သုံး သပ်တော့မည်ဖြစ်ပါသည်။

အကယ်၍ စစ်တပ်မှ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက် ထိန်းသိမ်းထားလိုသော ဆန္ဒရှိမည်ဆိုလျှင် ဥပဒေကြောင်းအရ ဘောင်မ၀င် ၀င်အောင် နည်းလမ်းရှာဖွေတော့မည်ဖြစ်ပါသည်။

ဤအတောအတွင်း Mr. Yettaw ကိစ္စပေါ်ပေါက်လာခြင်းဖြစ်ပြီး ၎င်းကိုအကြောင်းပြ၍ စစ်တပ်မှ ဆက်လက်ဖမ်းဆီးထိန်းသိမ်းရန် ကြိုးစားနေခြင်းဖြစ်သည်ဟု ယူဆပါသည်။

ဤနေရာ၌ Mr. Yettaw ၏အခန်းကဏ္ဍသည် စဉ်းစားစရာရှိပါသည်

1. ပညာတတ်ပုဂ္ဂိုလ်တယောက်ဖြစ်ပြီး နိုင်ငံရေးအခြေအနေ၏ အတိမ်အနက် မသိ၍လော။
2. အလွန်အရေးပါနေသော ပုဂ္ဂိုလ်တယောက်လော။
3. ရေကဘဲလာလာ ကုန်းကဘဲလာလာ လာသင့်/မလာသင့် အချိန်အား စဉ်းစားရန်လိုပေမည်။
4. မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာတဲ့ အချိန်ထိ အဘယ့် ကြောင့် မစောင့်နိုင်ရပါသလဲ။

အကယ်၍ စစ်တပ်ဘက်မှလူဆိုပါက

1. ပြစ်ဒဏ်နည်းမည်။
2. အချိန်တိုတိုဖြင့် လွတ်မည်။
3. ငွေကြေးများစွာရမည်။
4. ၎င်း၏ သတင်းအစအန ဖျောက်သွားပေလိမ့်မည်။

သို့ဆိုပါလျှင် (ရက်တော) ၏ အခြေအနေသည် ဖြစ်စဉ်တခု၌ အခန်းကဏ္ဍအားဖြင့် မယ်မယ်ရရ ထူးခြားသည့် အသွင်မတွေ့ရပါ။ စစ်တပ်ဘက်မှ ရပ်တည်သောသူ ဟုတ်သည်ဖြစ်စေ/ မဟုတ်သည်ဖြစ်စေ စစ်တပ်မှ ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက် ထိန်းသိမ်းနိုင်အောင် ဖြစ်လာသော အကြောင်းပြချက် တခုအတွင်း၌သာ အကျုံးဝင်ပါသည်။

အကယ်၍ စစ်တပ်မှ မူလကတည်းက ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက် ထိန်းသိမ်းရန် ရည်ရွယ်ချက်ရှိပါက အခြားသောနည်းလမ်းများအားလည်း ကျင့်သုံးနိုင်ပါသေးသည်။

ဥပမာအားဖြင့်…..

1. ကြိုတင်ပြင်ဆင်ချိန်ရပြီးဖြစ်ခြင်း။
2. အသွားအလာ ကန့်သတ်ခြင်း။
3. ရုန်းရင်ဆန်ခတ်ဖြစ်သည့်နှင့် ဖမ်းဆီးခြင်း။
4. ၂၀၀၈ ခုနှစ်၌ ၎င်းတို့တဘက်သက်ပြုလုပ်သည့် ညောင်နှစ်ပင် အခြေခံဥပဒေအရ ၂၀၁၀ ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည် လုံးဝပါဝင်ခွင့် မရှိခြင်း။
5. ဗိုလ်ချုပ်ခင်ညွှန့် ရှိစဉ်အတွင်း နယ်လှည့်ခရီးအား နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးရေး လမ်းစဉ် အစ နားလည်မှုယူ၍ လှုပ်ရှားသွားနိုင်ပေမည့်၊ ယခုအခါ၌ ၎င်းအခွင့်အရေးမျိုး မရှိနိုင်တော့ခြင်း။

စသည့်အချက်များအားလည်း စဉ်းစားစရာရှိပါသည်။

ဖြစ်စဉ်တခုလုံးအားခြုံ၍ လေ့လာကြည့်သောအခါ နောက်ဆုံးထုတ်လိုက်သော ရွှေဂုံတိုင် Statement သည့် ပြဿနာ၏ အကြောင်းရင်းဖြစ်နေပါလိမ့်မည်။

နှစ်ဦးနှစ်ဘက်စလုံးသည် (Diplomacy) အလွန်အားနည်းနေခြင်းပင်ဖြစ်ပါသည်။ နှစ်ဘက်စလုံး သည် နီးနေပါလျှက် အပြန်အလှန်အားဖြင့် ချဉ်းကပ်ပုံ ချဉ်းကပ်နည်း အလွန်အားနည်းသည်ဟုဆိုရပါမည်။

တိုင်းပြည်သည် မဆလအောက်၌ (၂၆) နှစ် ယခုတဖန် စစ်တပ်အောက်၌ နှစ်ပေါင်း (၂၀) စုစုပေါင်း ၄၆ နှစ်တာကာလသည် စစ်တပ်/တပါတီအာဏာရှင်စနစ်အောက်၌ ဆင်းရဲပင်ပန်းစွာ ဖြတ်သန်းခဲ့ကြပါသည်။ ကျန် (၁၄) နှစ်တာကလ တချိန်ကမြန်မာပြည်ဒီမိုကရေစီ ကျင့်သုံးခဲ့စဉ် ကလည်း ပြည်သူတွေမှာ အမျိုးမျိုးနှိပ်စက်ခံခဲ့ရ၊ စစ်ဒဏ်တွေခံခဲ့ရပြီး ဖြစ်ပါသည်။ မြန်မာနိုင်ငံလွတ်လပ်ရေးရရှိပြီး (၆၁) နှစ်တာ ကာလအတွင်း၌ ပြည်သူတွေဘ၀ကတော့ နင်းပြားဘ၀တွေပါဘဲ။ သူများကအနိုင်ကျင့် တာထက် ကိုယ့်အချင်းချင်း အနိုင်ကျင့် ခံနေရတာ ပိုရင်နာစရာကောင်းပါသည်။

ထို့ကြောင့် အားလုံးသောနိုင်ငံသူ/နိုင်ငံသားတို့သည် သမိုင်းထဲမှ သင်ခန်းစာတွေယူ၍ အနာဂတ် ငြိမ်းရေးအတွက် ၀ိုင်းဝန်းလက်တွဲ ဆောင်ရွက်ကြပါစို့။

ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဉ်များ၌ နိုင်ငံရေးအခြေအနေတင်းမာလာမှုများ ပိုမိုဖြစ်လာဖွယ် ရှိနေသောကြောင့်၎င်း၊ တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်အား နည်းဗျူဟာအရ ဆက်လက်ကျင့်သုံး ရမည်ဖြစ် သောကြောင့်၎င်း၊ မူဝါဒအပြောင်းအလဲ မရှိသေးသောကြောင့်၎င်း အားလုံးသော မြန်မာပြည်သူများသည် ဇွဲမလျော့ဘဲ ညီညွတ်စွာ ဆက်လက် အရေးဆိုလှုပ်ရှားသွားနိုင်သာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပေသည်။

ဝမ်းအိုဝမ်း

No comments:

Current world times
Burma (Rangoon) USA (Los Angeles) Australia (Canberra) Japan (Tokyo) Russia (Moscow)