Wednesday, April 29, 2009

အချက်သုံးချက်ကို လိုက်လျောရင် NLD ရွေးကောက်ပွဲဝင်မည်


NLD နှစ်ပတ်လည်နေ့အခမ်းအနား

အချက်သုံးချက်ကို လိုက်လျောရင် NLD ရွေးကောက်ပွဲဝင်မည် 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကမ်းလှမ်းထားတဲ့ တွေ့ဆုံဆွေးနွေးရေးကို လစ်လျူရှုပြီး စစ်အစိုးရက ၂ဝ၁ဝ ခုနှစ်ရွေးကောက်ပွဲကို အတင်းအကြပ် ပြုလုပ်မယ်ဆိုရင် အချက်သုံးချက်ကို စစ်အစိုးရက လိုက်လျောမှသာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ကြောင်း ဧပြီလ ၂၈ ရက်နေ့မှာကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တိုင်းနဲ့ပြည်နယ် အလုပ်အမှုဆောင်တွေနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ပထမနေ့ အစည်းအဝေးမှာ ဆုံးဖြတ်လိုက်ပါတယ်။

ပါတီ ဗဟိုအလုပ်မှုဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက အာအက်အေကို အခုလို ပြောပြပါတယ်။

ဦးခင်မောင်ဆွေ။ ။“ဆွေးနွေးပြေလည်ရေးကို မသွားဘဲ၊ မျက်နှာမမူဘဲနဲ့ တဖက်သတ် မိမိတို့အစီအစဉ်နဲ့ ကျင်းပသွားမယ်ဆိုရင် အဖွဲ့ချုပ်ခေါင်းဆောင်များ အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးလျှင်၊ ဒါ နံပတ်တစ် တောင်းဆိုချက်၊ နံပါတ်နှစ်က ၂ဝဝ၈ ခုနှစ် အခြေခံဥပဒေမှ ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီသည့် အချက်များကို ဖယ်ရှားပေးလျှင်၊ နံပတ်သုံး အားလုံး လွှမ်းခြုံ ပါဝင်နိုင်သည့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲအဖြစ် နိုင်ငံတကာ၏ စောင့်ကြပ်လေ့လာမှုကို ခွင့်ပြုလျှက် ကျင်းပပေးလျှင် အဆိုပါရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်ရန် ရည်ရွယ်သည် ဆိုပြီးတော့”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မူလရပ်တည်ချက်တွေကို ဆုပ်ကိုင်ထားကြောင်း၊ ပြည်သူ့လွှတ်တော်ခေါ်ယူပေးရေး၊ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်း ပြန်လည်သုံးသပ်ရေး တွေကို စစ်အစိုးရနဲ့ တွေ့ဆုံဆွေးနွေးပြီး လုပ်ဆောင်သွားဖို့ လုပ်ငန်းစဉ်အဖြစ် ချမှတ်ကြောင်း၊ ဒါပေမယ့် စစ်အစိုးရက လိုက်လျောလုပ်ဆောင်ခြင်းမရှိပါက ဖော်ပြပါ အချက်သုံးချက်ကို လိုက်လျောရင် ရွေးကောက်ပွဲဝင်ဖို့ ရည်ရွယ်ကြောင်း ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဒီကနေ့ အစည်းအဝေးကို အန်အယ်ဒီပါတီရဲ့ ဥက္ကဋ္ဌ ဦးအောင်ရွှေလည်း တက်ရောက်ခဲ့ပြီး အစည်းအဝေးမစခင် အနောက်တိုင်း သံတမန်တွေနဲ့ သတင်းထောက်တွေကို ရှင်းလင်းပြောဆိုခဲ့ပါတယ်။
လက်ရှိစစ်အစိုးရရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံစည်းမျဉ်းဟာ အားနည်းချက်တွေ အများအပြား ပါဝင်နေပြီး စစ်အစိုးရ ဆက်လက်အုပ်ချုပ်ဖို့ ဟန်ပြရေးဆွဲထားတာသာ ဖြစ်တဲ့အတွက် လက်မခံနိုင်ဘူးလို့ ပါတီဥက္ကဋ္ဌ ဦးအောင်ရွှေက ပြောကြားခဲ့ပါတယ်။

ပါတီအနေနဲ့ အရေးပါတဲ့ ဆုံးဖြတ်ချက်တွေကို ဗုဒ္ဓဟူးနေ့မှာ အပြီး ချမှတ်သွားနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပါတီခေါင်းဆောင်တွေက ပြောဆိုပါတယ်။

စစ်အစိုးရ ထောက်လှမ်းရေးတွေနဲ့ လုံခြုံရေးတွေကတော့ အရပ်ဝတ်တွေဝတ်ပြီး အန်အယ်ဒီဌာနချုပ်ရုံးရှေ့မှာ အယောက် ၅ဝ လောက် ချထားပါတယ်။ အစည်းအဝေး တက်ရောက်လာသူတွေကို ဓာတ်ပုံရိုက်တာ၊ ဗွီဒီယိုရိုက်တာတွေ ပြုလုပ်တာရှိပေမယ့်၊ တားဆီးနှောက်ယှက်တယ်ဆိုတဲ့ သတင်းမျိုးတော့ ထွက်ပေါ်လာခြင်း မရှိသေးပါဘူး။(RFA)

No comments:

Current world times
Burma (Rangoon) USA (Los Angeles) Australia (Canberra) Japan (Tokyo) Russia (Moscow)