Saturday, April 18, 2009

ဇိုယာဖန်း၏ ကိုယ်ရေး အတ္ထုပ္ပတ္တိ စာအုပ် ထုတ်ဝေမည်

ကရင်အမျိုးသား ခေါင်းဆောင် တဦးဖြစ်သည့် ဖဒိုမန်းရှာ (ကွယ်လွန်) ၏ သမီးဖြစ်သူ ဇိုယာဖန်း

ရေးသားပြုစုသော Little Daughter: A memoir of survival in Burma and the west အမည်ရှိ စာအုပ် တအုပ်ကို ထုတ်ဝေမည်ဖြစ်ကြောင်း သိရှိရသည်။

စာရေးသူ ဇိုယာဖန်းက ယခုစာအုပ်ထုတ်ရခြင်းသည် မြန်မာ ပြည်သူလူထုကို ကမ္ဘာက ပိုမို အာရုံစိုက်လာရန် အဓိက ရည်ရွယ်ခြင်းဖြစ်သည်ဟု ဧရာဝတီသို့ပြောသည်။


“မြန်မာပြည် အခြေအနေကတော့ လူထုတွေ ဒုက္ခရောက်နေတယ်၊ အမှန်ဆိုရင် တိုင်းရင်းသား လူမျိုးစုတွေ မက ပါဘူး၊ ဗမာတွေလဲ စစ်အာဏာရှင် စနစ်မှာ ဖိနှိပ်ခံရတယ်၊ အဲဒါကြောင့် ကမ္ဘာက ဒီထက်ပိုပြီးတော့ သိအောင် အာရုံစူးစိုက်လာအောင် နားလည်အောင် အကူညီပေးလာအောင် ကျမ အဓိက ဒီစာအုပ်ကို ရေးတာဖြစ်ပါတယ်” ဟု ပြောသည်။

ယခုထုတ်ဝေသော စာအုပ်ထဲတွင် မြန်မာနိုင်ငံမှာ ရှိသည့် ကရင်တိုင်းရင်းသားများအပြင် တခြားသော တိုင်းရင်း သား လူမျိုးစုများအပါအ၀င် မြန်မာပြည်သူများ စစ်အာဏာရှင် စနစ်အောက်တွင် ဖိနှိပ်ခံနေရသည့်အကြောင်း များ ပါဝင်သည်ဟု သိရသည်။

ယင်းစာအုပ်ကို နိုင်ငံတကာသို့ ဘာသာပေါင်းစုံ ဘာသာပြန်၍ ထုတ်ဝေသွားရန် အစီအစဉ်ရှိသည်ဟု ဇိုယာဖန်း က ပြောသည်။

ဇိုယာဖန်းသည် နှစ်ပေါင်း ၆၀ ကျော် မြန်မာအစိုးရကိုတော်လှန်တိုက်ခိုက်နေသော ကရင်တိုင်းသား အဖွဲ့တဖွဲ့ရှိ မိဘ နှစ်ပါးမှ မြန်မာပြည် တောတွင်းတနေရာတွင် မွေးဖွားခဲ့သူ ဖြစ်သည်။ သူ ၏ မိဘများမှာ ကရင်လွတ်မြောက် ရေး တိုက်ပွဲဝင် ပြောက်ကျား ရဲဘော်များ ဖြစ်ကြသည်။

ထိုအချိန်က ဇိုယာဖန်းတို့မိသားစုသည် ထိုင်း-မြန်မာ နယ်စပ် သောင်ရင်းမြစ်ပေါ်တွင် ခြေတန်ရှည် အိမ်ကလေး များ ဆောက်လုပ်နေထိုင်ကြရကြောင်းနှင့် သူချစ်ခင်သော မွေးစား အစ်ကို တဦးရှိကြောင်းလည်း ယခုစာအုပ်တွင် ရေးသား ဖော်ပြထားသည်။

ဇိုယာဖန်း ၁၄ နှစ် သမီးအရွယ်တွင် သူနေထိုင်သည့် ရွာကို မြန်မာအစိုးရ စစ်တပ်က တိုက်ခိုက်ပြီး အိမ်ကိုလည်း မီရှိုးဖျက်ဆီးခံရသောကြောင့် မိသားစုနှင့် အတူ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်းလည်း စာအုပ်တွင် ပါရှိသည်။

ထိုသို့ ၂ နှစ်ခန့် ပြေးလွှား၍ တောတွင်း၌ ပုန်းအောင်း နေရာမှ နောက်ဆုံးတွင် ထိုင်းနယ်စပ်ကို ဖြတ်ကျော်၍ ဒုက္ခသည် စခန်းတွင်းသို့ ရောက်ရှိသွားပြီး ၂၀၀၄ ခုနှစ်တွင် ဗြိတိန်နိုင်ငံ၌ နိုင်ငံရေး ခိုလှုံခွင့်ရရှိခဲ့ခြင်းဖြစ်သည်ဟု လည်း သိရှိရသည်။

ထို့နောက် ဇိုယာဖန်းကို ဘီဘီစီ အသံလွှင့် ဌာနက အင်တာဗျူး ပြုလုပ်ရာမှ နိုင်ငံတကာမှ အာရုံစိုက်ခံခဲ့ရခြင်းဖြစ် သည်။

အဆိုပါ စာအုပ်သည် အသက် ၂၈ နှစ်ရှိ ဇိုယာဖန်း၏ ဘ၀ဖြတ်သန်းမှု အတွေ့ကြုံများကို ရေးသားထားသော အတ္ထုပ္ပတ္တိ စာအုပ် အမျိုးအစားဖြစ်ပြီး လာမည့် ၂၀ ရက်နေ့၌ အင်္ဂလန်နိုင်ငံတွင်ထုတ်ဝေသွားမည်ဖြစ်သည်။

ပိုးကရင်တိုင်းရင်းသား တဦးဖြစ်သည့် ဇိုယာဖန်းသည် လက်ရှိ အင်္ဂလန်နိုင်ငံတွင် နေထိုင်လျက်ရှိပြီး UK အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့(Burma Campaign-UK) ၏ နိုင်ငံတကာ ဆက်ဆံရေးတာဝန်ခံ တဦး အဖြစ် ဆောင်ရွက်နေသူလည်း ဖြစ်သည်။

ဇိုယာဖန်း၏ ဖခင် ဖဒိုမန်းရှာသည် လွန်ခဲ့သည့် နှစ်က ထိုင်းမြန်မာ နယ်စပ် တနေရာတွင် အမည်မသိ သေနတ် သမားများ၏ လုပ်ကြံမှုကြောင့် ကွယ်လွန်ခဲ့ရသည်။

ဖဒိုမန်းရှာသည် ကွယ်လွန်ချိန်အထိ ကရင်အမျိုးသား အစည်းအရုံး(ကေအန်ယူ)တွင် အထွေထွေ အတွင်းရေးမှူး တာဝန်ကို ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၎င်းအား စစ်အစိုးရကို ဆန့်ကျင်နေသည့် အတိုက်အခံအင်အားစုများ အပါ အ၀င် တခြားသော တိုင်းရင်းသားလူမျိုးစုများကပါ လေးစားခဲ့ကြသည်။

No comments:

Current world times
Burma (Rangoon) USA (Los Angeles) Australia (Canberra) Japan (Tokyo) Russia (Moscow)